ရေနံချောင်းမြို့လေးကို ခရီးသွားခြင်း

  • 7 years ago
ရေနံချောင်းမြို့ဆိုတာ မြေလတ်ဒေသတစ်ခုပါ။ တောင်ဆင်းတောင်တက်လမ်းတွေနဲ့ ဝေ့ပတ်နေတဲ့မြို့ကလေးဖြစ်ပါတယ်။

ရေနံချောင်းမှာ ဖူးစာကုန်းဆိုတဲ့နေရာလေးတစ်ခုရှိပါတယ်။ အဲဒီ ဖူးစာကုန်းပေါ်ကနေ လှမ်းကြည့်လိုက်ရင် စိမ်းစိုတဲ့လယ်ကွင်းတွေနဲ့ မြေသားမြေစိုင် ထိုးထိုးထောင် ထောင်တွေကို လှပစွာတွေ့ကြရမှာပါ။

ဖူးစာကုန်းမှာ လေညှင်းခံပြီးတော့ ရေနံချောင်းရဲ့သမိုင်းဝင် စနေနံဘုရားကိုလည်း သွားရောက်ဖူးမျှော်သင့် ပါတယ်။
ဘုရားဖူးပြီးရင်တော့ ဘုရားခြေတော်ရင်းမှာ နာမည်ကြီးတဲ့အိမ်ကြီးတစ်အိမ်ကိုလည်း တွေ့မြင်ရမှာပါ။ အဲဒီအိမ်ကြီးကို စာရေးဆရာ မောင်သိန်းဆိုင်ရေးခဲ့တဲ့ ရေနံ့သာခင်ခင်ကြီးဝတ္ထုထဲက ရေနံ့သာခင်ခင်ကြီး နေခဲ့တဲ့အိမ်လို့ အများကသိမှတ်နေကြပါတယ်။

တကယ်တော့ ဆရာမောင်သိန်းဆိုင်ရဲ့ ရေနံ့သာခင်ခင်ကြီးဝတ္ထုထဲမှာ အဲဒီအိမ်ကြီးကို ထည့်သွင်း ရေးဖွဲ့ခဲ့ တဲ့အတွက် စာဖတ်သူတွေစိတ်ထဲစွဲထင်နေတာပါ။ တကယ်တော့ ထိုအိမ်ကြီးက တခါက မြို့သူကြီး တစ်ယောက်ရဲ့အိမ်ကြီးသာဖြစ်ပါတယ်။

အဲဒီအိမ်ကြီးရဲ့ထူးခြားမှုကတော့ တံခါးပေါက်ပေါင်း ၉၉ ပေါက်ပါဝင်တာဖြစ်ပါတယ်။
ရေနံချောင်းမှာ နောက်ထပ်သွားစရာတွေလည်း အများကြီးရှိပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပညာရည်နို့သောက်စို့ခဲ့တဲ့ စာသင်ကျောင်းကြီးကိုလည်း သွားရောက်လေ့ လာနိုင်ပါ တယ်။

ပြီးတော့လည်း သက်တမ်းနှစ်တစ်ရာကျော်ပြီဖြစ်တဲ့ ခန့်ညားထည်ဝါလှတဲ့ တိပိဋကတ်စုံ ကျောက်စာ ရုံတော်ကြီးကိုလည်း ၀င်ရောက်လေ့လာသင့်ပါတယ်။

မြို့ထဲမှာ နေရာစုံသွားပြီဆိုရင်တော့ မြို့အထွက်နားက ပင်းချောင်းနားမှာ အပန်းဖြေရင်း အနားယူလို့ရ ပါသေးတယ်။
တကယ်တော့ ရေနံချောင်းမှာ လည်နိုင်သလောက်ကို နေရာတွေများတာပါ။ ထန်းပင်ထန်းတောကြီးတွေရဲ့သဘာဝအလှအပတွေကိုလည်း ခံစားနိုင်မှာပါ။

တခြားသမိုင်းဝင်စိတ်ဝင်စားစရာနေရာတွေအများကြီး ကျန်ရှိသေးတာမို့ 7DAY TVပရိသတ်ကြီး သွားရောက်လည်ပတ်နိုင်ဖို့ ညွန်းဆိုလိုက်ရပါတယ်။

ရုပ်သံသတင်းထောက်- ညီညီဇော်

Category

🗞
News

Recommended