ထိုင်းခေါက်မုန့် ခရတ်ပ် စားကြမယ်

  • 7 years ago
ဒီတပတ်မှာတော့ 7Day TV ရဲ့Street Food အစီအစဉ်က ထိုင်းအစားအစာ တမျိုးကို မိတ်ဆက်ပေးမှာပါ။ ဂျုံနဲ့ ကြက်ဥကို အခြေခံ ပြုလုပ်တဲ့ ခရတ်ပ် (crap) လို့ ခေါ်တဲ့ ဒီအစားအစာ ပုံစံက မြန်မာ့ ခေါက်မုန့်ပုံစံနဲ့ ခပ်ဆင်ဆင်ပါ။ ဂျုံ ၊ ကြက်ဥ ၊ သကြား၊ ဆား၊ နို့စိမ်း၊ ရေအနည်းငယ်နဲ့ ရောနှောဖျော်စပ်ထားတဲ့ မပျစ်မကြဲ မုန့်နှစ်ကို အိုးကင်းပူပေး ပြီး မုန့်နှစ်ပေါ်ကို ထောပတ်လေး သုတ်လိမ်းလိုက်တဲ့ အချိန်မှာ ထွက်လာတဲ့အနံ့ ကတော့ ပတ်ဝန်းကျင်မှာ အတော်ဆွဲဆောင်နေပါတယ်။

ပြီးရင် မုန့်ချိုစားချင်သူက ယို အမျိုးအမည် ၅ မျိုးလောက်ထဲကနေ ကြိုက်နှစ်သက်ရာ ၊ စတော်ဘယ်ရီ၊ ဘယ်လူးဘယ်ရီ စသဖြင့်ရွေးချယ်နိုင်ပါတယ်။ အများဆုံး မှာစားကြတာတော့ ဘလူးဘယ်ရီ ယို နဲ့ပါ။ ဂျုံသားပေါ် ယို ထည့်ပြီးရင် ၊ မရွန်းနစ် ၊ ချောကလက်အနှစ်တွေ ဆမ်းပြီး ၊ အသားနဲ့ စားချင်သူဆို ကြက်အူချောင်းလေးတွေ ဖြူးပေးလိုက်ရင်တော့ ခရတ်ပ် အချိုက ပြည့်စုံသွားပြီ။

အစပ် ဆိုရင်လည်း ၊ ရယ်ဒီမိတ် ချဉ်စပ်ဆီ ၊ ဆော့စ် တို့ကို ယိုနေရာမှာ ထည့် လိုက်တာပါ။

ထိုင်းနိုင်ငံရဲ့ ချင်းမိုင် ညဈေးတန်းက ခရက်ပ် ကတော့ ကြက်ဥ ဖောက်ထည့်ပေးတာ၊ ချိစ် အမျှင်လေးတွေဖြူးပေးတာ၊ အသားလုံး ၊ ကြက်အူချောင်း စတဲ့ အစာတွေ မြိုင်မြိုင် ပါပါတယ်။ ဒီမှာတော့ ဈေးအသင့်အတင့် ၁၀၀၀ ကျပ်နဲ့သာ ရောင်းချနိုင်တာမို့ အလုံးစုံ မထည့်သွင်းနိုင်သေးတာလို့လည်း ရောင်းချသူကိုစိုင်းက ဆိုပါတယ်။

ခရက်ပ်က ပူပူလေး စားမယ်ဆိုရင်တော့ ကြွပ်ကြွပ် မွမွ လေးနဲ့ အင်မတန် အရသာရှိပါတယ်။ အချို အစပ် ၂ မျိုးရနိုင်တဲ့ ခရတ်ပ်ကို ရန်ကုန်မြို့ရဲ့ လူစည်ကားဆုံးနေရာတစ်ခုလို့ ပြောနိုင်တဲ့ လှည်းတန်းလမ်းဆုံမီးပွိုင့်နားမှာ ညနေ ၄ နာရီလောက်ဆို စတင်ရောင်းချနေပါပြီ။

ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended