လိပ်မကြီးရဲ့ လိပ်ဥတွေကိုဖွက်ပြီး လိပ်ဥတွေမတွေ့မချင်းလိုက်ရှာရတဲ့ ကစားနည်းလေးဖြစ်ပါတယ်။ ခွေးရူးဖြစ်တဲ့ လိပ်မလေးကို သူ့ဥတွေရှာနေချိန်မှာ စိတ်တိုလာအောင် ဝိုင်းစပေးရတဲ့ကစားနည်းလေးမို့ ပွဲစူတဲ့ငယ်ဘဝကစားနည်းလေးတစ်မျိုးဆိုလည်း မမှားပါဘူး။
ဒီကစားနည်းလေးက လိပ်ဥဝှက်တမ်းဆိုပေမယ့် လိပ်ဥအစား ကျောက်ခဲ ဒါမှမဟုတ် ဖိနပ်ကိုသုံးပြီးကစားရတာပါ။ အများစုက ဖိနပ်လေးတွေချွတ်ပြီး ဖိနပ်တစ်ဖက်ကိုလိပ်ဥအဖြစ်သုံးပြီး ကစားကြပါတယ်။ ဒါမှလည်းရှာလို့လွယ်မှာဖြစ်ပါတယ်။
အရင်ဆုံးတော့ကစားမယ့်သူတွေထဲက ခွေးရူးရွေးပြီး လိပ်မအဖြစ်ထားရမှာဖြစ်လို့ ဗြောင်နောင်နောင်ဗေဗေ့ဂျိ ချပြီးဆုံးဖြတ်ရပါတယ်။ လိပ်မလေးရွေးပြီးသွားရင် စည်းဝိုင်းတစ်ဝိုင်းဝိုင်းပြီး လိပ်မလေးကိုစည်းထဲမှာထိုင်ခိုင်းရမှာပါ။ လိပ်ဥအဖြစ်အသုံးပြုမယ့် ဖိနပ်တစ်ဖက်စိကိုလည်း ဝိုင်းထဲမှာ ထည့်ထားပေးရမှာဖြစ်ပြီးတော့ လိပ်မလေးက အဲဒီဖိနပ်တွေ ဝိုင်းအပြင်ကလူတွေဆီပါမသွားအောင် ကာကွယ်ရမှာဖြစ်ပါတယ်။ ဖိနပ်တွေအားလုံးဝိုင်းဆွဲတဲ့အခါမှာ လိပ်မလေးက ဝင်လာတဲ့လက်တွေကိုလှမ်းဆွဲရမှာဖြစ်ပါတယ်။
လိပ်မလေးမဆွဲလိုက်နိုင်လို့ လိပ်ဥတွေအားလုံးပါသွားပြီဆိုရင်တော့ လိပ်မလေးကိုမျက်လုံးမှိတ်ပြီး ကျန်တဲ့အဖွဲ့သားတွေက လိပ်ဥတွေ(ဖိနပ်) ကိုဖွက်ရမှာဖြစ်ပါတယ်။ အားလုံးဖွက်ပြီးလို့ မျက်လုံးဖွင့်ပေးလိုက်ပြီးရင်တော့ လိပ်မလေးက လိပ်ဥတွေလိုက်ရှာရမှာဖြစ်ပြီး အရင်ဆုံးတွေ့သွားတဲ့ဖိနပ်ပိုင်ရှင်ကတော့ လိပ်မလေးအဖြစ်ပြန်ကစားရမှာမှာဖြစ်ပါတယ်။
အဲဒီလိုလိပ်မလေးက လိပ်ဥတွေ(ဖိနပ်တွေ) ရှာနေတုန်းမှာ ကျန်တဲ့သူတွေကဘေးနားကနေလိုက်ပြီး "လိပ်ဥပျောက်လို့ လိပ်မရှာ သူခမြာ ငိုမဲ့ ငိုမဲ့" ဆိုတဲ့စာသားလေးကိုအော်ဟစ်လိုက်ဆိုရင်း နှောက်ယှက်ရတဲ့ကစားနည်းလေးဖြစ်ပါတယ်။
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကိုပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ်ကလးငယ်တွေကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။
ကစားနည်းတွေဟာနေရာဒေသအလိုက်အခေါ်အဝေါ်ဆော့ကစားပုံချင်းအနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့်အသုံးများတဲ့အခေါ်အဝေါ်နဲ့ကစားနည်းပုံစံတွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။

Category
🗞
News