မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း လူထုတွေ့ဆုံပွဲ ပြုလုပ် (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၁၉

မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမမှာ သြဂုတ် ၃၁ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရထားလမ်းပိုင်း အဆိုပြုစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေကြောင့် ထိခိုက်နိုင်မှုတွေနဲ့ ကာကွယ်လုပ်ဆောင်ရမယ့် အချက်တွေကို အကြံပြုဆွေးနွေးခဲ့သလို တက်ရောက်လာတဲ့ ဒေသခံတွေက စီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ မြေယာဆုံးရှုံးမှုတွေ ရှိလာရင် ဖြေရှင်းဆောင်ရွက်မယ့်အခြေအနေတွေကို မေးမြန်း၊ အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

မူဆယ်-လာရှိုး-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) လုပ်ငန်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ MOU ကို ၂၀၁၈ အောက်တိုဘာလ ၂၂ ရက်က မြန်မာ့မီးရထားနဲ့ China Railway Eryuan Engineering Group Co;Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်း လမ်းအူကြောင်း ရှာဖွေစမ်းသပ်ခြင်းကို ၂၀၁၈ ဒီဇင်ဘာလက ဆောင်ရွက်ခဲ့ကြပါတယ်။

လက်ရှိ ရထားလမ်းပိုင်း လျာထားချက်များမှာ လမ်းအရှည်ခန့်မှန်း ၂၅၈ မိုင်(၄၁၄ ကီလိုမီတာ) ရှိမှာဖြစ်ပြီး တံတားစင်းရေ ၁၂၄ စင်း၊ ဥမင်လိုဏ်ဂူ (ခန့်မှန်း) ၆၀ ၊ ဘူတာပေါင်း ၃၆ ဘူတာနဲ့ ပြေးဆွဲမည့် ရထားလမ်းအမျိုးအစားမှာ လျှပ်စစ်ရထားဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - ဒီလှိုင်းဝင်း

တည်းဖြတ် - ဝေယံမိုးမြင့်