ဖယ်ရှားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား

  • 7 years ago
ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ် လက်အောက်ခံ ကောလိပ်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မျိုးနွယ်စုတွေကို ဖိနှိပ်ရှင်းလင်းနေကြောင်း စွပ်စွဲမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန် ဖိအားပေးမှုတွေကို ခံနေရပါတယ်။

စိန့်ဟုဂ်ျကောလိပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တစ်ခု ချီးမြှင့်ခဲ့ဖူးတဲ့ အဆင့်မြင့် ပညာရေးဌာန တစ်ခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း စိန့်ဟုဂ်ျမှာ ၁၉၆၇ ခုနှစ်က ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို ကောလိပ်ရဲ့ ပင်မ ဝင်ပေါက်အနီးမှာ ၁၉၉၉ ခုနှစ် ကတည်းက ဂုဏ်ယူစွာ ချိတ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပုံတူ ပန်းချီကိုတော့ ၁၉၉၇ ခုနှစ်မှာ ချန်ယန်နင်က ရေးဆွဲခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ မစ္စတာ မိုက်ကယ်အဲရစ်က ပိုင်ဆိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ကောလိပ် ဘုတ်အဖွဲ့က ပန်းချီကားကို ပြန်လည် သိမ်းဆည်းခဲ့ပြီး ဂျပန် ပန်းချီကား တစ်ချပ်နဲ့ အစားထိုးလိုက်ကြောင်း ကောလိပ်ထုတ် The Swan သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

စိန့်ဟုဂ်ျကောလိပ်က အဲဒီ ဂျပန်ပန်းချီကားကို စက်တင်ဘာလ အစောပိုင်းက လက်ခံရရှိခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကိုတော့ လတ်တလောမှာ သိမ်းဆည်းထားဦးမယ်လို့ အတည်ပြုချက် ပေးထားပါတယ်။