::: 7 Day Heroes အပိုင်း (၅) :::

  • 7 years ago
နာဂဒေသက ရောဂါဆိုး ထိန်းချုပ်နိုင်ရေးမှာ အကောင်းဆုံး စွမ်းဆောင်ခဲ့သူ

နာဂတောင်တန်းပေါ်က ထန်ခေါ်လန်မ ကျေးရွာမှာ ၂၀၁၆ ခုနှစ် ဇွန်လကနေ သြဂုတ်လ အတွင်းက ကူးစက်ရောဂါတစ်ခု ကပ်ရောဂါအသွင်ဖြစ်ပွားလို့ လူတွေတဖြုတ်ဖြုတ်ဆိုသလို သေဆုံးခဲ့ရပါတယ်။

ထန်ခေါ်လန်မကျေးရွာဟာ တယ်လီဖုန်းလိုင်းမရှိ၊ ကားလမ်း၊ ရထားလမ်း မဆိုထားနဲ့ ကျေးရွာချင်းဆက် လမ်းတောင်မရှိတဲ့ နေရာပါ။ အဲဒီလိုနေရာမျိုးမှာ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဟာ ဇွန်လ ကတည်းက ဖြစ်ပေမယ့် အချိန်မီ သတင်းမပို့နိုင်ခဲ့တာကြောင့် ကလေးငယ်တွေရော လူကြီးတွေပါ တဖြုတ်ဖြုတ်သေဆုံးကုန်တာ ဖြစ်ပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးကို အဲဒီကူးစက်ကပ်ရောဂါဆိုးသတင်း ရချိန်မှာ လူတော်တော် သေဆုံးနေပြီးချိန် ဖြစ်ပါတယ်။ အဲဒီသတင်းရတာနဲ့ ထန်ခေါ်လန်မကိုသွားဖို့ တာဝန်ကျသူက ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးပါ။

ဦးသန့်ဇင်ဦးက လဟယ်ဆေးရုံးက ဆေးထုပ်တွေဆွဲလို့ လဟယ်နဲ့ မိုင် ၄၀ လောက်ပဲဝေးတဲ့ ထန်ခေါ်လန်မကို ခရီးနှင်ခဲ့ပါတော့တယ်။ မိုင် ၄၀ ဆိုပေမယ့် ခြေလျင်ခရီးနှင်ရတာကြောင့် လမ်းမှာ နှစ်ရက်နဲ့ နှစ်ညကြာခဲ့တာပါ။ ကျေးရွာကို ရောက်ရောက်ချင်း သွေးနမူနာတွေရယူ နေပြည်တော်ဆီပေးပို့စစ်ဆေးပြီးမှာ ထန်ခေါ်လန်မ ရွာသားတွေကို နှိပ်စက်နေတဲ့ ရောဂါဟာ ကူးစက်မြန်ပြင်းထန် ဝက်သက်ရောဂါဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဦးသန့်ဇင်ဦးဟာ ဒီရောဂါကြောင့် သေဆုံးနေတာတွေကို ရပ်တန့်နိုင်အောင်ထိန်းချုပ်ပြီး ရောဂါပျောက်အောင်ကုသပေးနိုင်ခဲ့ပါတယ်။ ဒီလိုကုသဖို့အတွက် နေရာအတည်တကျပင် မရှိတာကြောင့် ရွာထဲက တဲငယ်လေးမှာ လာသမျှလူနာတွေကို ရှိသမျှဆေးပစ္စည်းတွေနဲ့ ကုသမှု ပေးခဲ့တာပါ။ သူဟာ လူနာတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကား အခက်အခဲတွေ ရှိတဲ့တိုင် စိတ်ရောကိုယ်ပါ မြုပ်နှံပြီး စေတနာ မေတ္တာတရားအပြည့်နဲ့ ကျန်းမာရေးဝန်ထမ်းကောင်း တစ်ဦးရဲ့ သရုပ်ကို ပေါ်လွင်စေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေသခံတွေရဲ့ ချစ်ခင်ယုံကြည်မှုကို ရရှိခဲ့ပြီး ဒေသခံတွေက မေတ္တာနဲ့ပြန်ပေးတဲ့ ကြက် ဥ ၁၃ လုံးနဲ ကြက်ဖတစ်ကောင်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ကလေးရောလူကြီးပါ စုစုပေါင်း ၂၅ ဦးသေဆုံးစေခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းကြုံခဲ့ရတဲ့ကပ်ရောဂါဆိုးကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးစွမ်းဆောင်ခဲ့တဲ့ ကျန်းမာရေးမှူး ဦးသိန့်စင်ဦးကို 7Day Hero အဖြစ် ရွေးချယ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

7Day News သူရဲကောင်းဆု (7Day News Hero)

သာမန်ပြည်သူများထဲမှ မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ၊ သတ္တိရှိရှိ အများပြည်သူ အကျိုး အတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြသော တာဝန်ကျေတဲ့ ပုဂ္ဂိုလ်တွေကို ၂၀၁၁ ခုနှစ်က စတင်ရွေးချယ်ပြီး 7Day သူရဲကောင်းဆု (7Day News Hero) အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

သူရဲကောင်းဆုတွေကို 7Day Newsက နယ်ပယ်ပေါင်းစုံကို ဖြန့်ကြက်ပြီး ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘက်ပေါင်းစုံမှာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ သူရဲကောင်းစိတ်ဓာတ် ပိုင်ရှင်တွေ ထပ်မံတိုးပွားလာရေး အတွက် ဖြစ်ပါတယ်။ အဲဒီဆုကို 7Day News က နှစ်စဉ်ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။