::: 7 Day Heroes အပိုင်း (၂) :::

  • 7 years ago
လူ ၁၅၀ ကျော် အသက်ကယ်တင်ခဲ့သော ရွာသုံးရွာ

၂၀၁၆ အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က ယင်းမာပင်ခရိုင် ကနီမြို့နယ်က ချင်းတွင်းမြစ်ထဲမှာ ကမ္ဘာပျက်သကဲ့သို့ လူတွေအော်ဟစ်ပြီး အဖြစ်ဆိုးကြီး တစ်ခုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ချင်းတွင်းမြစ်တစ်လျှောက် ဟုမ္မလင်းမြို့က မုံရွာမြို့ကို စုန်ဆင်းလာချိန်မှာ ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပါတယ်။

ခရီးသည် ရာနဲ့ ချီလိုက်ပါလာတဲ့ ရေယာဉ်တိမ်းမှောက်မှုဖြစ်လို့ မြစ်ထဲမှာ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတာပါ။ မြစ်ထဲမှာ ကယ်ပါယူပါ တစာစာ အော်ဟစ်နေကြတဲ့ ဒုက္ခသည်တွေကို မိကျောင်းတွင်းရွာသူ ဒေါ်ဝင်းကြည်က ပထမဆုံးသိလိုက်ပြီး အော်ဟစ်အသိပေး အကူအညီတောင်းတာနဲ့ တစ်ရွာလုံး တက်ညီလက်ညီ ထွက်လာကြတာပါ။ ရေယာဉ်နစ်မြုပ်ရာ အနီးက ကျေးရွာတွေ ဖြစ်တဲ့ မိကျောင်းတွင်း၊ အထက်ကင်းနဲ့ ကင်းကျေးရွာတွေက ဒေသခံတွေက စက်လှေငယ်လေးတွေနဲ့ သက်စွန့်ဆံဖျား ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ထုတ်ပြန်ချက်အရ ခရီးသည် ၁၅၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး မိကျောင်းတွင်း၊ အထက်ကင်းနှင့် ကင်းကျေးရွာမှ ရွာသူရွာသားတွေက ၁၅၄ ဦးတိတိ ကယ်တင်ပေးနိုင်ခဲ့တာကြောင့် အသက်ရှင်ကျန်သူအားလုံးနီးပါးကို ကျေးရွာသုံးရွာကသာ စွမ်းစွမ်းတမံကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


လူ့အသက်ပေါင်းများစွာကို ကယ်တင်ရုံမကဘဲ ကယ်တင်လာခဲ့သူတွေကို ပြုစုတာ၊ အစားအသောက်တွေ ကျွေးမွေးတာ၊အဝတ်အထည်တွေ ဝတ်ဆင်ပေးတာ ဆေးရုံဆေးခန်းတွေ ပို့ပေးတာ ၊ရေယာဉ်နစ်မြုပ်ရာမှာ သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးတာ၊ ရေယာဉ်ဆယ်ယူရာမှာ လုပ်အားပေးတာ ရွာကို ရောက်လာတဲ့ လူပျောက်ရှာသူတွေကို ကူညီတာတွေကိုလည်း ရွာသူရွာသားတွေက ဘယ်လိုမျှော်လင့်ချက်မှ မထားဘဲ ကူညီပေးခဲ့ကြပါတယ်။

ဒါကြောင့် သေမင်းနှင့် စစ်ခင်းနေရသူ ၁၅၀ ကျော်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား စာနာစိတ်အပြည့်ဖြင့် ကူညီအသက်ကယ်ခဲ့တဲ့ မီးကျောင်းတွင်း၊ အထက်ကင်းနဲ့  ကင်းကျေးရွာတို့ကို ၂၀၁၆ အတွက် 7Day Hero ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

7Day News သူရဲကောင်းဆု (7Day News Hero)

သာမန်ပြည်သူများထဲမှ မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ၊ သတ္တိရှိရှိ အများပြည်သူ အကျိုး အတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြသော တာဝန်ကျေတဲ့ ပုဂ္ဂိုလ်တွေကို ၂၀၁၁ ခုနှစ်က စတင်ရွေးချယ်ပြီး 7Day သူရဲကောင်းဆု (7Day News Hero) အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

သူရဲကောင်းဆုတွေကို 7Day Newsက နယ်ပယ်ပေါင်းစုံကို ဖြန့်ကြက်ပြီး ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘက်ပေါင်းစုံမှာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ သူရဲကောင်းစိတ်ဓာတ် ပိုင်ရှင်တွေ ထပ်မံတိုးပွားလာရေး အတွက် ဖြစ်ပါတယ်။ အဲဒီဆုကို 7Day News က နှစ်စဉ်ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။