မန္တလေးတိုင်းဒေသကြီးတွင် နေ့အပူချိန်များ မြင့်တက်နေ

  • 5 years ago
မန္တလေးတိုင်းဒေသကြီးတွင် နေ့အပူချိန်များ မြင့်တက်နေ
**********************************
မန္တလေးတိုင်းဒေသကြီးတွင် ယခုလအတွင်း ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကျော် ပိုပူနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲမှ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

မန္တလေးမြို့တွင် ဧပြီလအတွင်း ပုံမှန်နေ့အပူချိန်သည် ၃၉ ဒီဂရီစင်တီဂရိတ်ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ် ဧပြီလ အတွင်း နေ့အပူချိန်သည် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ မြင့်တက်ခဲ့ရာ ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ် ပိုပူလာခြင်းဖြစ်သည်။ မန္တလေးမြို့တွင် ဧပြီ(၁၂)ရက်မှ စတင်၍ နေ့အပူချိန်များ မြင့်တက် လာခြင်းဖြစ်ပြီး သင်္ကြန်အတက်နေ့တွင် နေ့အပူချိန် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။

ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေချိန်ဖြစ်၍ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်သဖြင့် ပူပြင်းသောနေရောင်ခြည်ကျရောက်နိုင်သည့် နံနက် (၁၀) နာရီမှ ညနေ (၄)နာရီခန့် အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊ ကလေးငယ်များသည် ခရမ်းလွန် ရောင်ခြည်အန္တရာယ် ဆိုးကျိုးများ မခံစားရစေရေးအတွက် သတိပြုကာကွယ်ကြပါရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း နောက်သုံးရက် မှ ငါးရက်အတွင်း မိုးရွာနိုင်ခြေ နည်းပါးပြီး ဧပြီလ တတိယအပတ်၌ ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ပိုပူနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ရိုက်ကူး - ဘိုဘို မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ