မုန့်ဖတ်၊ပဲပြား၊လက်ဖက်နဲ့ ငပိတွေမှာ ဆိုးဆေးနဲ့ဖော်မလင်တွေ မတွေ့ရသလောက်ဖြစ်ပြီလို့ FDA ဆို

  • 7 years ago
ရန်ကုန်တိုင်းအတွင်းက FDA က ဈေးတွေမှာ ဆက်တိုက်ရှောင်တခင်စစ်ဆေးတာတွေလုပ်ဆောင်နေတာကြောင့် မုန့်ဖက်၊ ပဲပြား၊ လက်ဖက်နဲ့ ငပိတွေမှာ ဆိုးဆေးနဲ့ ဖော်မလင်တွေ အသုံးပြုထားတာ မတွေ့ရသလောက်နီးပါးဖြစ်နေပြီလို့ FDA က ဆိုပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်အားလုံးကို လွှမ်းခြုံအောင် မစစ်နိုင်ပေမယ့်လည်း(၄၄)မြို့နယ်မှာ ရှိတဲ့ ဈေးတွေ၊ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေကို စီမံချက်နဲ့ တစ်ပတ်ကို နှစ်ကြိမ် စစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့ FDA ရန်ကုန်ရုံးခွဲရဲ့ ဦးစီးအရာရှိ ဒေါက်တာဖြိုးမာန်သက်ဦးက ပြောပါတယ်။

ဒီနှစ်ကို FDAက ဈေးကွက်ထောက်လှမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီး နှစ်စကနေ ခုချိန်ထိ ဈေးတွေ၊စင်တာတွေ၊ဆေးဆိုင်တွေ၊ရေသန့်လုပ်ငန်းတွေကို သွားရောက်ပြီး ရှောင်တခင်စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။

FDAနဲ့ ရွှေပြည်သာမြို့နယ်အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီကအဖွဲ့ဝင်တွေဖြစ်တဲ့ မြို့နယ်ပြည်သူ့ကျန်းမာ၊စည်ပင်ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့နဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ စက်တင်ဘာလ(၂၈)ရက်မှာ ရွှေပြည်သာမြို့နယ်က ပတ္တမြားဈေး၊ဆေးဆိုင်(၅)ဆိုင်နဲ့ သောက်ရေသန့်လုပ်ငန်း(၃)ခုကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီလိုစစ်ဆေးရာမှာ ကြက်သွေးမှာ ဖော်မလင်ပါဝင်တာတွေ့ရှိရပြီး ဆေးဆိုင်တွေမှာလည်းမှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ ရောင်းချနေတာကိုတွေ့ရှိခဲ့တာကြောင့် အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် သောက်ရေသန့်လုပ်ငန်းတွေကို စစ်ဆေးရာမှာလည်း ထောက်ခံချက်မရှိတဲ့ ရေသန့်လုပ်ငန်း(၂)ခုနဲ့ သက်တမ်းလွန်ရေသန့်လုပ်ငန်း(၁)ခုကို ပိတ်သိမ်းအရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

။စစ်ဆေးတဲ့အခါ တရားမ၀င်ရေသန့်စက်ရုံတွေ အများဆုံးတွေ့ရှိရတဲ့မြို့နယ်တွေကတော့ ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊လှည်းကူးမြို့နယ်နဲ့ လှိုင်မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး