အာနန်ကော်မရှင် အကြံပြုချက်ကို အကောင်အထည်ဖော်မယ့် ကော်မတီ ဖွဲ့စည်း

  • 7 years ago
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ ဥက္ကဌအဖြစ်ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်နေ့မှာ အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒါဟာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့ရဲ့ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ပေးခဲ့တာလဲဖြစ်ပါတယ်။

အဆိုပါ ကော်မတီအနေနဲ့ ၁၉၈၂နိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူတွေကို အသိအမှတ်ပြုပြီး နိုင်ငံသား အခွင့်အရေးရရှိရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ အကြမ်းဖက်တိုက်ခိုက်မှု ပပျောက်ဖို့နဲ့ မူးယစ်ကင်းစင်နယ်မြေဖြစ်ဖို့ ဆောင်ရွက်ရန်၊ ဒေသခံပြည်သူတွေ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ်ဖို့ အခြေခံအဆောက်အအုံများ ပေါ်လာရေးနဲ့ အလုပ်အကိုင် တိုးတက်လာစေရေး သင့်လျော်တဲ့ မူဝါဒတွေ ချမှတ်ဖို့အပါအဝင် ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ တိုင်းရင်းသားကျေးရွာတွေ ရေရှည်ရပ်တည်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းဖို့အတွက် လုပ်ဆောင်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ကော်မတီရဲ့ အကောင်အထည်ဖော်မှု အခြေအနေတွေ အပေါ် တိုးတက်မှု အစီရင်ခံစာကို လေးလတစ်ကြိမ် ပြည်သူများကို ထုတ်ပြန်ရမယ်လို့ ဆိုထားပြီး ကော်မတီအတွက် အကြံပေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့လဲ ဆိုထားပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်