သူပုန်တွေ သိမ်းပိုက်ထားတဲ့ မြို့ထဲမှာ အရပ်သားတွေ ပိတ်မိနေနိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ် ဝန်ခံ

  • 7 years ago
သူပုန်တွေလက်ကနေ ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ မာရာဝီ မြို့ထဲမှာ အရပ်သား အနည်းဆုံး ၃၀၀ လောက် ပိတ်မိနေဆဲ ဖြစ်နိုင်ကြောင်း ဖိလစ်ပိုင် စစ်တပ်က ဝန်ခံခဲ့ပါတယ်။

အိုင်အက်စ်နဲ့ ဆက်စပ်မှု ရှိနေတဲ့ မော်တေး စစ်သွေးကြွ သူပုန်တွေက နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ မာရာဝီမြို့ကို ဇွန် ၂၃ ရက် ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် စစ်တပ်က မြို့ကို ပြန်လည်ရရှိဖို့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး ပဋိပက္ခတွေအတွင်း အနည်းဆုံး လူပေါင်း ၃၇၀ လောက် သေဆုံးခဲ့ပါတယ်။

မော်တေးသူပုန်တွေ အသေအပျောက် များပြားနေတဲ့တိုင် စုစုပေါင်း အင်အား ၅၀၀ လောက် ရှိခဲ့တဲ့ထဲက သူပုန် အယောက် ၁၀၀ လောက်က မြို့ထဲမှာ ခိုအောင်းနေဆဲလို့ စစ်တပ်က ယုံကြည်နေပါတယ်။ ပြီးတော့ အီးဒ်ပွဲတော် အလွန်မှာ သူပုန်တပ်ဖွဲ့တွေဆီ စစ်ကူတွေ ရောက်ရှိလာမှာကိုလည်း ဖိလစ်ပိုင် စစ်ဘက် အကြီးအကဲတွေက စိုးရိမ်နေတယ်။

လက်ရှိအခြေအနေတွေအရ မြို့ထဲမှာ အရပ်သား ၃၀၀ လောက် ပိတ်မိနေနိုင်ပြီး သူပုန်တွေက လူသားဒိုင်းအဖြစ် အသုံးချ အကာအကွယ်ယူတာမျိုး ကြုံတွေ့နေနိုင်ကြောင်း စစ်တပ်က ပြောပါတယ်။ မာရာဝီမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက မြို့ခံ လူဦးရေ လေးသောင်းကျော်လောက် နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြောင်းလည်း သိရပါတယ်။