7Day TV ရဲ့ည၇နာရီတိုက်ရိုက်သတင်းထုတ်လွှင့်မှု 7PM News

  • 7 years ago
(၁)၂၀၀တန်ထီလက်မှတ်တွေကို ဇွန်လကစပြီး ရောင်းချမှုရပ်ဆိုင်းမယ်

လက်ရှိရောင်းချနေတဲ့ကျပ်၂၀၀တန်အောင်ဘာလေထီကို ဇွန်လကစပြီး ရပ်ဆိုင်းမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက သတင်းရရှိပါတယ်။ အဲဒီ့၂၀၀တန်ထီအစား ကျပ်၅၀၀တန်ထီတွေနဲ့ မတ်လကစတင်ပြီး ရောင်းချမှာဖြစ်ပါတယ်။ ၂၀၀တန်ထီတွေကိုတော့ မတ်လကစပြီး အက္ခရာနဲ့ထီစောင်ရေစတင်လျော့ချကာ မေလအထိသာဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒါကြောင့် ထီကံစမ်းလိုသူတွေအနေနဲ့ ဇွန်လကစပြီး ကျပ်၅၀၀တန်ထီတစ်မျိုးတည်းကိုသာ လစဉ်ကံစမ်းနိုင်မှာဖြစ်ပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ထီရဲ့ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်း၁၅၀၀ဖြစ်ပြီး ကျပ်၅၀၀တန်ထီရဲ့ အမြင့်ဆုံးဆုကြေးကတော့ ကျပ်သိန်းတစ်သောင်းဖြစ်တဲ့အတွက် လူအများကစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

(၂)တက္ကသိုလ်ကျောင်းသားတွေ ချေးငွေနဲ့ ကျောင်းတက်နိုင်ဖို့ စီစဉ်နေ

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ချေးငွေရရှိဖို့ ကြိုးပမ်းပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ မနေ့က ဇန်နဝါရီ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ဘားကမ့် ရန်ကုန်ပထမနေ့မှာ လူငယ်တွေနဲ့တွေ့ဆုံစဉ်မှာ ခုလိုပြောကြားခဲ့တာပါ။ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်တက်ရောက်နိုင်ရေးအတွက် မိဘတွေကိုမှီခိုဖို့မလိုဘဲ ပညာသင်ယူနေစဉ်အလုပ်အကိုင်နဲ့ ချေးငွေတွေရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ၀န်ကြီးကပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ လုပ်ငန်းခွင်အခန်းကဏ္ဍဟာ သီးခြားစီဖြစ်တည်နေတာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာတော့ စက်မှုဇုန်တွေကို တက္ကသိုလ်တွေကအားဖြည့်ထားပြီး တက္ကသိုလ်တွေကို စက်မှုဇုန်တွေကထောက်ပံ့ထားမှုတွေရှိနေတာပါ။ တက္ကသိုလ်တွေမှာ အတတ်ပညာသင်ကြားပေးမယ့် Vocational Training တွေကို ညနေပိုင်းသင်ကြားပေးဖို့ ညှိနှိုင်းနေပြီး တက္ကသိုလ်လည်းတက်မယ် ညနေပိုင်းလေ့လာချင်တဲ့ဘာသာရပ်တွေကိုလေ့လာနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ တက္ကသိုလ်တွေမှာ အဆောင်တွေတည်ဆောက်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ဆွေးနွေးနေပြီး အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းတဲ့ စီးပွားရေးပုံစံအဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ပါလုပ်ဆောင်မှုတွေ ရှိနေတာပဲဖြစ်ပါတယ်

(၃) YBS ကို ခြောက်လအတွင်း နိုင်ငံတကာအဆင့်မီပြောင်းလဲမယ်လို့ ဝန်ကြီးချုပ်ပြော

၆လအတွင်းမှာ YBS တွေကို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားစနစ်အဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့အခြေအနေကိုလည်း
အစိုးရအဖွဲ့အနေနဲ ကျေနပ်မှုမရှိဘူးလို့ ဆိုပါတယ်
လက်ရှိမှာတော့ စနစ်ပြောင်းလဲလိုက်တဲ့ ရန်ကုန်မြို့ ရဲ့ ဘတ်စကားစနစ်သစ်က ပြည်သူတွေ အတွက် အဆင်မပြေမှုတွေ အများကြီး ရှိနေသေးတာ ဖြစ်ပါတယ် ။
ညပိုင်းမှာ ကားမရှိတဲ့ ပြဿနာတွေ ၊ ကားစီးရေ မလုံလောက်လို့ ရုံးတက်ရုံးဆင်းချိန်မှာ ခရီးသည်တွေ ပြည့်ကြပ်နေတာ တွေ စတဲ့ ပြသနာတွေ ရှိနေသေးတာပါ ။ ငွေကောက်တဲ့စနစ်ကိုလည်း ကတ်စနစ်အဖြစ် ပြောင်းလဲမှာ ဖြစ်ပြီး လက်ရှိပြေးဆွဲနေတဲ့ကားတွေအားလုံးမှာလည်း ဂျီပီအက်စ် တွေ ကို ခြောက်လအတွင်း အပြီး တပ်ဆင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ် ။

(၄) မွတ်ဆလင်တွေကို အဟန့်အတားဖြစ်စေခဲ့တာ မဟုတ်ဘူးလို့ ထရမ့်ပြော

အမေရိကန်သမ္မတသစ် ထရမ့်ဟာ သူ့ရဲ့နိုင်ငံဝင်ခွင့်အမိန့်အသစ်အရ အမေရိကန်နိုင်ငံက မွတ်ဆလင်တွေကို အဟန့်အတားဖြစ်စေတာမဟုတ်ပဲ ကောင်းကောင်းအလုပ်လုပ်နေဆဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ဟာ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံကို ဆီးရီးယားအပါအရင် နောက်ထပ်မူဆလင်နိုင်ငံ ၆ခုကို ပြည်ဝင်ခွင့် လေးလပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုပိတ်ပင်ထားရတာနဲ့ပတ်သတ်ပြီး ဒီပိတ်ပင်မှုဟာ မူဆလင်တွေကိုအဟန့်အတားဖြစ်စေတဲ့အမိန့်မျိုးမဟုတ်ဘူး၊ သူတို့တွေ ကောင်းကောင်းမွန်မွန် လှုပ်ရှားနေကြဆဲဆိုတာ လေဆိပ်တွေမှာကြည့်ရင် သိနိုင်ပါတယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုဟာလဲ လေးလတာကြာမြင့်တဲ့ ဒီလှုံ့ဆော်မှုအတွင်းမှာ အမေရိကန်နိုင်ငံသားတွေအတွက် လျှင်လျှင်မြန်မြန်နဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။