7Day TV ရဲ့ည ၇ နာရီတိုက်ရိုက်သတင်းထုတ်လွှင့်မှု 7PM News

  • 7 years ago
(၁) မူအသစ်အရ ဖရီးပါမစ်ကားတွေ ဘယ်မောင်းတစ်မျိုးတည်းသာခွင့်ပြုမယ်
ဖရီးပါမစ်နဲ့တင်သွင်းမယ့်မော်တော်ယာဉ်တွေအတွက် ၂၀၁၇ခုနှစ်မူဝါဒအရဘယ်မောင်းကားတစ်မျိုး တည်းကို သာတင်သွင်းခွင့်ပြုမယ်လို့သိရပါတယ်။၂၀၁၇ ခုနှစ်အတွက် တင်သွင်းခွင့်ပြုသွားမယ့် မော်တော်ယာဉ်တွေရဲ့ ထုတ်လုပ်ခုနှစ်တွေကို ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။
ယာဉ်အိုယာဉ်ဟောင်းအစားထိုးစီမံချက်အရ တင်သွင်းခွင့်ပြုမယ့် မော်ဒယ်တွေကို လူစီးယာဉ်များ အတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း၊ ၁၃၅၀ စီစီအောက်လူစီးယာဉ်များအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်တင်သွင်းရမှာဖြစ်ပါတယ်။
လူတစ်ဦးချင်းအစီအစဉ်(ဖရီးပါမစ်)နဲ့ တင်သွင်းမယ့် မော်တော်ယာဉ်တွေအားလုံးကို ဘယ်မောင်းတစ် မျိုးတည်းကိုသာတင်သွင်းရမှာဖြစ်ပါတယ်။
ဒါ့အပြင်အစိုးရဌာနအလိုက်အသုံးပြုဖို့ တင်သွင်းခွင့်လျှောက်ထားလာတဲ့ လူစီးယာဉ်တွေကိုလည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းမော်ဒယ်များသာတင်သွင်းရမှာဖြစ်ပြီး ဘယ်မောင်းတစ်မျိုး တည်းကိုသာ တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်။
လုပ်ငန်းသုံယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ် နှင့် ယန္တရားတွေကို ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဘယ်မောင်းမော်တော်ယာဉ် များကိုတင်သွင်းဖို့သတ်မှတ်လိုက်ပါတယ်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစပြီး တင်သွင်းမယ့် မော်တော်ယာဉ်တွေထဲက လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ယာဉ်တွေကို ၂၀၁၅မှ ၂၀၁၇ မော်ဒယ်အတွင်းတင်သွင်းမယ်ဆိုရင် ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရသိရပါတယ်။
(၂) နှစ်နှစ်ဆယ်လောက်အတွင်း စင်ကာပူကို ကျော်နိုင်ဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
စင်ကာပူရဲ့စီးပွားရေးကို နောက်နှစ်နှစ်ဆယ်လောက်ကာလအတွင်း ကျော်တက်နိုင်ဖို့မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့တာဝန်ယူပြီးနောက် စင်ကာပူနိုင်ငံရဲ့ပထမဆုံးခရီးစဉ်အဖြစ်ရောက်ရှိနေပြီး
ရောက်ရောက်ချင်း နိုဝင်ဘာ ၃၀ ရက် ဒီကနေ့မှာပဲ IE Singapore's Global Conversations မှာ မိန့်ခွန်းပြောကြားတဲ့အခါမှ ဒေါ်အောင်ဆန်းစုကြည်က အခုလိုထည့်သွင်းပြောကြားသွားတာပါ။
စင်ကာပူရဲ့ခေါင်းဆောင်ဟောင်း လီကွမ်ယု စင်ကာပူလွတ်လပ်ရေးရပြီးစချိန်က ပြောခဲ့တဲ့စကားကို ကိုးကားပြောကြားသွားတာဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းက လီကွမ်ယုက မြန်မာနိုင်ငံကို နှစ်နှစ်ဆယ်အတွင်း စင်ကာပူက အမှီလိုက်မယ်လို့ ပြောခဲ့ပါတယ်။
ခုတော့ ကျွန်မက ဒီစကားကို ပုံစံပြောင်းပြောရတော့မယ်လို့ ပြောဆိုခဲ့တာပါ။ နှစ်ပေါင်းနှစ်ဆယ်အတွင်း စင်ကာပူကို မြန်မာက ကျော်တက်အောင်လုပ်ရပါလိမ့်မယ်။ စင်ကာပူကလည်း ကူညီရပါလိမ့်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာအနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အကူညီတွေလည်း လိုအပ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
(၃) တန်ဖိုးနည်းတိုက်ခန်းတွေ ချေးငွေနဲ့ဝယ်ရင် တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ဘဏ်မှာ သွင်းထားနိုင်မှ သေချာမယ်
ကျပ်သိန်း ၁၀၀ နဲ့ ၁၂၀ ကြား တန်ဖိုးနည်းအိမ်ယာအခန်း ၆၀၀ ကျော်ကိုစရောင်းတော့မှာဖြစ်လို့ ဝယ်ယူလိုသူတွေ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ရွှေလင်ဗန်း၊ ကနောင်၊ ယုဇန စတဲ့နေရာတွေကအခန်းတွေကို ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။
ဝယ်ယူလိုသူတွေဟာ အဲ့ဒီဘဏ်မှာ အကောင့်ဖွင့်ထားရမှာဖြစ်ပြီး အခန်းဖိုးရဲ့ ၃၀ ရာခိုင်နှုန်းငွေသွင်းထားပြီး သူတွေကို ဦးစားပေးရောင်းမှာဖြစ်ပါတယ်။
ဒီအခန်း ၆၀၀ ကျော်က ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ရောင်းချတာဖြစ်ပြီး ကျန်အခန်း သုံးထောင်ကျော်ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ဝယ်လိုသူတွေကတော့ ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထား လျှောက်ရမှာဖြစ်ပါတယ်။
(၄) နိုင်ငံတော် လျှို့ဝှက်ချက် သူငယ်ချင်းကို ပြမိတဲ့ တောင်ကိုရီးယားသမ္မတ နိုင်ငံရေးဖိအားတွေ အကြီးအကျယ်ခံနေရ
သူငယ်ချင်းကို နိုင်ငံတော်အဆင့် အရေးကြီးလျှို့ဝှက်မှတ်တမ်းတွေ ကြည်ရှု့ခွင့်ပေးခဲ့တဲ့ တောင်ကိုရီးယားသမ္မကို ဥပဒေအရ အရေးယူနိုင်ဖို့ အတိုက်ခံတွေ တောင်းဆိုမှုတွေ အရှိန်မြှင့်လာနေပါတယ်။
သမ္မတ ပက်ခ်ဂွမ်ဟေးဟာ နိုင်ငံရေးအရဖိအားပေးမှုတွေကို အကြီးအကျယ်ကြုံတွေ့နေရပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ပုန်ကန်မှုလို စွပ်စွဲချက်တွေကလွဲရင် ကျန်တဲ့ပြစ်မှုတွေကတော့ ကင်းလွတ်ခွင့်ရထားပါတယ်။
ပက်ခ်ဟာ တောင်ကိုရီးယားရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ပြီး သမိုင်းတစ်လျှောက်လူထုထောက်ခံမှု အနိမ့်ဆုံးသမ္မတအဖြစ်မှတ်တမ်းဆိုးဝင်ဖို့ အခုရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပက်ခ်ရဲ့ သူငယ်ချင်းအမျိုးသမီးကလည်း လျှို့ဝှက်ဖိုင်တွေ ကြည့်ခဲ့ရတယ်ဆိုတာကို ဝန်ခံထားပြီး ရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ ပက်ခ်ကို အရေးယူနိုင်ဖို့ကတော့ ဒီကနေ နိုဝင်ဘာ ၃၀ ရက်မှာ ဆွေးနွေးနေမှာ ဖြစ်ပါတယ်။
(၅) ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် ရွှေဈေးနဲ့ ငွေလဲနှုန်းတွေကိုလည်း ကြေညာပေးသွားဦးမှာဖြစ်ပါတယ်။ ကန်ဒေါ်လာလဲနှုန်းကတော့ မနေ့ကနဲ့ သိပ်အပြောင်းအလဲမရှိပါဘူး။ တစ်ဒေါ်လာကို အဝယ်ဈေး ၁၃၆၀ ကျပ်နဲ့ ရောင်းတဲ့ဈေးကတော့ ၁၃၆၂ ကျပ်ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးကတော့ ၁၃၀၈ ကျပ်ပါ။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ဒီကနေ့မှာ ၈၆၄၀၀၀ ကျပ် ဈေးပေါက်နေပါတယ်။

Recommended