“ဆုရတိုင်း၊ ရတိုင်း ကြိမ်နဲ့ အတို့ခံရသလိုပါပဲ”- ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော်ဝန်

  • 5 years ago
“ဆုရတိုင်း၊ ရတိုင်း ကြိမ်နဲ့ အတို့ခံရသလိုပါပဲ”- ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော်ဝန်

#MizzimaTV

Asian-Oceanian Computing Industry Organization (ASOCIO) က ပေးအပ်တဲ့ Smart City Award 2019 ဆုကို မန္တလေးမြို့တော်က ထပ်မံရရှိခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်ဝန်၊ ဒေါက်တာရဲလွင်က မီဒီယာတွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Smart City Award 2019 ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဩဂုတ်လ ၂၈ရက်နေ့က ကျင်းပခဲ့ပြီးတော့ သုံးနှစ်တာကာလအတွင်း မန္တလေးစည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေကြောင့် တိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး ဆုရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။

မျက်စိဆရာဝန်ဘဝက မျက်စိလူနာတွေ အလင်းပြန်ရတဲ့အခါ ပီတိရဖူးခဲ့ပေမယ့် အခုလို လမ်းတစ်လင်းခင်းပြီးတိုင်း၊ လမ်းမီးထွန်းပြီးတိုင်း ရတဲ့ ပီတိက ပိုပြီး ကြည်နူးရတယ်လို့ ဒေါက်တာရဲလွင်က ပြောပါတယ်။

အခုလို ဆုရရှိတာဟာ မန္တလေးစည်ပင်သာယာရေးကော်မတီက လုပ်ဆောင်တဲ့ ရလဒ်တွေကို ချီးမြောက်ခံရတာ ဖြစ်ပြီးတော့ ဒါဟာ တစ်ဦးတစ်ယောက်ကောင်းလို့ မဟုတ်ဘဲ ဝန်ထမ်းအားလုံး ပြုပြင်ပြောင်းလဲပြီး ကြိုးစားကြတာကြောင့်လို့လည်း သူက ဆိုပါတယ်။

“ဆုရတိုင်း၊ ရတိုင်း ကြိမ်နဲ့ အတို့ခံရသလိုပါပဲ။ လမ်းကို မြန်မြန်လျှောက်နေတဲ့သူတွေပါ။ ကြိမ်တို့ခံရရင် အပြေးကလေး လျှောက်ရပါတယ်။ ကျွန်တော်တို့ ဆက်လျှောက်မှာပါ” လို့ ဒေါက်တာရဲလွင်က ဖွင့်ဟပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလအတွင်းက အရှေ့တောင်အာရှနိုင်ငံရဲ့ Smart City အဖြစ် အလားအလာ အကောင်းဆုံး ထိပ်တန်း(၁၀)မြို့ကို ရွေးချယ်ရာမှာ မန္တလေးမြို့တော်ဟာ အဆင့်(၅)မှာ ရပ်တည်ပြီးတော့ Smart City အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

(ရိုက်ကူး- ကိုကိုအောင်/မဇ္ဈိမ)

Recommended