ပုသိမ်တွင် ၈၈ ရင်ပြင်နှင့် မော်ကွန်းကျောက်တိုင် ဖြစ်မြောက်ရေးလုပ်ဆောင်နေ

  • 5 years ago
ပုသိမ်တွင် ၈၈ ရင်ပြင်နှင့် မော်ကွန်းကျောက်တိုင် ဖြစ်မြောက်ရေးလုပ်ဆောင်နေ
***********************
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၈၈ ရင်ပြင်နှင့် မော်ကွန်းကျောက်တိုင် ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်နေကြောင်း ၈၈အရေးတော်ပုံအင်အားစုများမှ ဦးမြင့်စိုးက ပြောသည်။

ယမန်နှစ်က ကျင်းပခဲ့သော ၈၈၈၈ပွဲတွင် ဧရာဝတီတိုင်းတစ်တိုင်းလုံးနှင့် သက်ဆိုင်သော ရှစ်လေးလုံး အရေး တော်ပုံအထိမ်းအမှတ်ရင်ပြင်နှင့် မော်ကွန်းကျောက်တိုင်၊ပြခန်းတည်ဆောက်ရေးအတွက် ဆုံးဖြတ်ချက်တစ်ခု ပါခဲ့ကြောင်း သိရသည်။

“ရင်ပြင်ဟာ ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါခဲ့တဲ့သူတွေကော သေဆုံး သွားတဲ့သူတွေကော သက်ဆိုင်သလို ယနေ့ အရေးတော်ပုံကြီးရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ နှောင်ကြိုးမဲ့တဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်ရေးဆိုတဲ့ ရည်မှန်းချက် တွေရှိနေ တဲ့ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်လိုပြောချင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ တစ်ရပ်လုံးကလည်း ပူးပေါင်း ပါဝင်ပေးပါလို့ ပြောကြားလို ပါတယ်”ဟု ဦးမြင့်စိုး (၈၈အရေးတော်ပုံအင်အားစုများ) က ပြောသည်။

အဆိုပါ ရင်ပြင်နှင့်မော်ကွန်းကျောက်တိုင်နေရာအတွက် တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆောင်ရွက် နေကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ ရင်ပြင်နှင့်မော်ကွန်းကျောက်တိုင်ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြေနေရာအား တိုင်းအစိုးရအစည်းအဝေးတွင်ဆုံးဖြတ်ပြီးကြောင်း ဦးမြင့်စိုးက ဆက်လက်ပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်