ဗမာလူမျိုးတွေရှိနေသ၍ မောင့်ကျက်သရေခေါင်းပေါင်းတွေ လုပ်နေရအုံးမှာပါ (ရုပ်/သံ)

  • 6 years ago
မောင့်ကျက်သရေခေါင်းပေါင်းကို နိုင်ငံတော်သမ္မတမှအစ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ညွှန်မှူးတွေ၊ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားသူကြီးတွေနဲ့ ရှေ့နေတွေ အဆုံး နိုင်ငံတော်အဆင့်ဂုဏ်ပြုပွဲ၊ ညစာစားပွဲ၊ နိုင်ငံတကာသံတမန်များနဲ့တွေ့ဆုံပွဲ၊ လွှတ်တော်အစည်းအဝေးတွေနဲ့ တရားခွင်တွေမှာ မဖြစ်မနေ အသုံးပြုရပါတယ်။ အဲဒီအပြင် အရပ်ထဲ အလှူ၊ မင်္ဂလာဆောင်တွေမှာလည်း မဖြစ်မနေ မောင့်ကျက်သရေခေါင်းပေါင်းကို အထွဋ်အမြတ်ထားတဲ့ အဆောင်အယောင်တခုအနေနဲ့ အသုံးပြုကြပါတယ်။

ပဲခူးတိုင်အနောက်ခြမ်း ရွှေတောင်မြို့နယ်ထဲက ယောဒေါင့်ဆိုတဲ့ရွာကလေးကဟာ မောင်ကျက်သရေခေါင်းပေါင်းရဲ့ သန္ဓေတည်ရာ ရွာလေးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်လောက်က ဒီလုပ်ငန်းကိုလုပ်ကိုင်ခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။ မောင့်ကျက်သရေခေါင်းပေါင်းပြုလုပ်တဲ့အခါ ကြိမ်နဲ့ ပုံစံခွက်ပြုလုပ်ရပါတယ်။ ပုံစံခွက် ပြုလုပ်ဖို့ အရင်ဆုံး ကြိမ်ခွဲပြီး အူထုတ် ( ကြိမ်ချောင်းရဲ့ အတွင်းသားဖယ်ရှားခြင်း)၊ ဘားဆွဲ၊ ကြိမ်အမျှင်လေးတွေရအောင် နန်းဆွဲရပါတယ်။ ရလာတဲ့ ကြိမ်နန်းကြိုးလေးတွေကို ရေနဲ့ စိမ်ပြီး ပုံစံခွက်အဖြစ် အဆင့်ဆင့်ပြုလုပ်ခြင်းတွေကို အဲဒီယောဒေါင့်ဆိုတဲ့ ရွာလေးမှာ လုပ်နေတာဖြစ်ပါတယ်။