FDA က ညောင်ပင်လေးဈေးနဲ့ လမ်းမတော်ကဆေးဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီ

  • 7 years ago
ညောင်ပင်လေးဈေးနဲ့ လမ်းမတော်မြို့နယ်မှာ ရှိတဲ့ဆေးဆိုင်တချို့ကို FDAက တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စတဲ့အဖွဲ့တွေက ရှောင်တခင်ဝင်ရောက် စစ်ဆေးနေတာကိုတွေ့ရပါတယ်။

ပြည်သူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ချက်နဲ့FDA က စီမံချက်ရေးဆွဲပြီး စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်(၄၄)မြို့နယ်မှာ ရှိတဲ့ ဈေးတွေ၊ဆေးဆိုင်တွေအားလုံးကို ဝင်ရောက်စစ်ဆေးမှာလို့ သိရပါတယ်။ အခုတစ်ကြိမ် စစ်ဆေးတဲ့ စီမံချက်မှာတော့ ပညာပေးတဲ့လုပ်ငန်းတွေ အပြင် အရေးယူမှုတွေပါ ပူးတွဲလုပ်သွားမှာ ဖြစ်တယ်လို့ FDA ရန်ကုန်ရုံးခွဲရဲ့ ဦးစီးအရာရှိ ဒေါက်တာဖြိုးမာန်သက်ဦးက ပြောပါတယ်။

အခုတစ်ပတ်အတွင်း အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ဈေးတချို့နဲ့ ဆေးဆိုင်တွေကို စစ်ဆေးသွားဖို့ရှိပြီး ခရိုင်(၄)ခရိုင်ကို အလှည့်ကျစီ ရှောင်တခင်စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ စီမံချက်ဖြစ်တဲ့ မြို့နယ်(၄၄)မြို့နယ်က ဈေးတွေ၊ ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေ အားလုံးနီးပါးစုံတဲ့ အထိ စစ်ဆေးသွားမှာဖြစ်ပြီး တစ်ပတ်ကို နှစ်ရက် ဈေးကွက်ထောက်လှမ်းမှု လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended