ရန်ကုန်တိုင်းက SME လုပ်ငန်းတွေကို အောက်တိုဘာမှာ စာရင်းကောက်မယ်

  • 7 years ago
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အသေးစား၊အလတ်စားလုပ်ငန်းတွေရဲ့ စာရင်းကောက်ယူမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ တောင်ဒဂုံမြို့နယ်ကို စတင်ကောက်ယူတော့မယ်လို့ သိရပါတယ်။

ဒီကနေ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ပါဝင်တဲ့ အစိုးရအဖွဲ့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံခဲ့ပြီး အဲ့ဒီ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း အသေးစား၊ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။

SME စာရင်းကောက်ယူဖို့အတွက်ကို လက်ရှိမှာ စာရင်းကောက်ယူမှုပုံစံကို ပြုစုထားပြီး ဖြစ်တယ်လို့လဲ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။စိုက်ပျိုးရေး လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက်လည်း SME တွေထဲမှာ စိုက်ပျိုးရေး လုပ်ငန်းတွေကိုပါ ထည့်သွင်းသွားနိုင်အောင် ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကြိုးပမ်းနေတယ်လို့လည်း ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံမှုမှာ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍတွေ ဖြစ်တဲ့ စက်မှုကုန်ထုတ်လုပ်ရေး၊ ဆန်စပါး၊ စာပေထုတ်ဝေဖြန့်ချီရေး၊ ပရိဘောဂစက်မှုလက်မှု လုပ်ငန်းများ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ကလည်း ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ