နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောလိုက်လဲ

7Day TV

by 7Day TV

6 views
ဘာသာရေး ယုံကြည်မှုတွေ၊ တိုင်းရင်းသား မျိုးနွယ်စု ခွဲခြားသတ်မှတ်ချက်တွေနဲ့ သွေးကွဲနေတဲ့ နိုင်ငံမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်က နေပြည်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ဘင်္ဂါလီ ပြဿနာတွေ၊ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ထည့်သွင်း ရှင်းလင်းသွားပါတယ်။

လတ်တလော ပြဿနာတွေမှာ အမုန်းတရားနဲ့ အကြောက်တရားက အဓိက ဖိစီးမှု အကြောင်းရင်းတွေ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံကို ဘာသာရေး ယုံကြည်မှုတွေနဲ့ တိုင်းရင်းသားမျိုးနွယ် ခွဲခြားမှုတွေကြောင့် သွေးကွဲတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာ မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း အသီးသီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အစွမ်းရှိသမျှ ကြိုးစား လုပ်ဆောင်နေကြောင်း၊ မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေရဲ့ အကြောင်းရင်းကို အရင်းစစ်ဖို့ လိုကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို စုံစမ်းဆွေးနွေးဖို့ ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။

နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဆန်းစစ်မှုတွေ ရှိလာရင်လည်း မြန်မာနိုင်ငံ အနေနဲ့ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ တည်တည်ငြိမ်ငြိမ် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်တွေဟာ စစ်သွေးကြွ အကြမ်းဖက်သမားတွေက လုံခြုံရေး တပ်ဖွဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့မှုကနေ စတင်လာတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပါတယ်။

ပြီးတော့ လက်ရှိ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့သာ တိုက်ရိုက် သက်ဆိုင်တယ်လို့ ခံယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရာမှာ ကိုဖီအာနန် ကော်မရှင်ရဲ့ ထောက်ခံ အကြံပြုမှုတွေက ရေရှည်အတွက် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောကြားသွားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အမြင်မှာ မြန်မာနဲ့ ပတ်သက်ရင် နိုင်ငံတစ်ခုလုံးရဲ့ အနေအထားကို ခြုံကြည့်စေလိုကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဧရိယာလေး တစ်ခုလောက်ကိုသာ ကြည့်နေတာမျိုး မဖြစ်စေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို မြို့ကြီးတွေမှာ တိုက်ရိုက်ပြသတာတွေရှိခဲ့ပြီး သွားရောက်နား ထောင်ခဲ့တဲ့ ပြည်သူတွေလည်းရှိခဲ့ပါတယ်။