မြန်မာ-ဘင်္ဂလားနယ်စပ်ခြံစည်းရိုးကာရံတာကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်မယ်

  • 7 years ago
မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးပျက်စီးနေသည့်နေရာတွေမှာ ပြုပြင်တာ နဲ့ ခြံစည်းရိုးကာဖို့ ကျန်နေသေးတဲ့နေရာတွေကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံသွားမှာဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှုအားနည်းတဲ့နေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားမယ်လို့ နိုင်ငံတော်အစိုးရက စက်တင်ဘာလ ၆ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ခြံစည်းရိုးကာဖို့ အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ဒုတိယသမ္မတ နှစ်ဦး နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ပြည်ထဲရေးဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊လူမှုဝန်ထမ်းဝန်ကြီးတွေ ပါဝင်တဲ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ အစိုးရရဲ့ ထိပ်သီးအစည်းအဝေးအပြီး အခုလို ဆုံးဖြတ်ခဲ့တာလဲဖြစ်ပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမှာ ဖစ်သလို ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်ပေးသွားမယ်လို့လဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတော်သမ္မတဦးထင်ကျော်က မိန့်ခွန်းပြောဆိုခဲ့ရာမှာတော့
ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အသုံးချပြီး ယုံကြည်မှုအစွန်းရောက်သူတွေက ဆူပူမှုဖြစ်အောင်လုပ်မယ်ဆိုတဲ့ အန္တရာယ်ကလည်း ရှိနေကြောင်း အခုအခြေအနေမှာလုံခြုံရေးအဖွဲ့အစည်းတွေ အနေနဲ့ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် ဟန့်တားပေးရန်လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်