• 7 years ago
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကို စက်တင်ဘာ၅ရက် ညနေပိုင်းမှာ နေပြည်တော်က နိုင်ငံတော်သမ္မတအိမ်တော်မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီတို့ဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့ကိုစစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြတဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံမိတ်ဆက်ခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ဟာ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထောင်စု ၀န်ကြီး တွေ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ ဒီခရီးစဉ်အတွင်း ရန်ကုန်မြို့နဲ့ ပုဂံဒေသတို့ကို သွားရောက်ဦးမှာ ဖြစ်ပါတယ်။ မိုဒီရဲ့ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြန်သုံးသပ်ဆွေးနွေးမှာဖြစ်ပြီး လက်ရှိ လုပ်ဆောင်နေတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှု ဆန့်ကျင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံရေး၊ စွမ်းအင်နဲ့ယဉ်ကျေးမှုစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း - မြတ်သီဟမောင် ၊ ရုပ်သံ - ရိုက်တာ

Category

🗞
News

Recommended