သတင်းသမား ၆ ဦးကို တရားစွဲဆိုထားတဲ့အမှုတွေကို တပ်မတော် ပြန်ရုပ်သိမ်း

  • 7 years ago
တပ်မတော်က သတင်းမီဒီယာသမားတွေကို တရားစွဲဆိုထားတဲ့အမှုတွေ ရုတ်သိမ်းပေးလိုက်ပြီဖြစ်ပါ တယ်။

ဒီကနေ့ စက်တင်ဘာလ ၁ရက်မှာ တပ်မတော်က အကြောင်းကြားခဲ့တယ်လို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။ သတင်းသမား ၆ ယောက်အပြင် တပ်ကတရားစွဲထားတဲ့ အပြင် လူပုဂ္ဂိုလ်(၂)ဦးကို စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ(၁၇/၁)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆/ဃ)၊ ပုဒ်မ(၅၀၂) တွေနဲ့အသီးသီး တရားစွဲဆိုခံ ထားရတဲ့ DVB၊ ဧရာဝတီ၊The Voice နဲ့ Eleven မီဒီယာတွေအတွက်အလုပ်လုပ်ကိုင်နေတဲ့ သတင်းသမား (၆)ဦး၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရသူ ဦးထင်ကျော် နဲ့ ဝေယံသိန်း ခေါ် ဗစ်တာတို့ပါ ဝင်ခဲ့ပါတယ်။

ရည်ရွယ်ရပ်တည်မှု တူညီစွာနဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးကိုအတူတကွ သယ်ပိုးထမ်းဆောင်မှုအား အသိအ မှတ်ပြုပြီး၊ နိုင်ငံတော်နှင့်ပြည်သူတွေရဲ့ အကျိုးစီးပွားကိုအတူလက်တွဲ လုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော် အနေနဲ့ အရင်ကဖြစ်ပျက်ခဲ့မှုတာတွေ သင်ပုန်းချေလိုက်တဲ့ အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို တရားဝင်စာနဲ့ အကြောင်းကြားခဲ့တာပါ။

ဒါ့အပြင် တပ်မတော်ကပေးပို့တဲ့စာထဲမှာ မီဒီယာတွေအနေနဲ့ သတင်းဖော်ပြရာမှာ သတင်းမီယာကျင့်ဝတ်နဲ့ အညီ တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု ရှိစေရေးတို့အတွက် သတင်းမီဒီယာကောင်စီက ၀ိုင်းဝန်းတည့်မတ် လုပ် ဆောင်ပေးဖို့လည်း ပါရှိပါတယ်။

သတင်းထောက်- မြတ်သီဟမောင်
ရိုက်ကူး- မောင်တာ၊ အလှလေးသူဇာ