ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံထားရတဲ့ ဒီချုပ်အဖွဲ့ဝင်နှစ်ဦးကို ရုံးထုတ်

  • 7 years ago
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ လယ်ဝေးမြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ မြို့နယ် အလုပ်အမှုဆောင်နှစ်ဦးကိုဒီကနေ့ ဇူလိုင်လ ၂၁ ရက်ညနေ ပိုင်းမှာ ရုံးထုတ်ခဲ့ပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ အခုလ ၃၁ ရက် နေ့ကို သတ်မှတ်ပေးထားပြီး အဲဒီရုံးချိန်းမှာပဲ အာမခံ လျှောက် ထားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက လယ်ဝေးမြို့နယ် ၊ ဒလှချွန်ကျေးရွာ အုပ်ချုပ်ရေးမှုးဟောင်းကို ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး ကျေးရွာဒေသခံတွေက တိုင်ကြားခဲ့တဲ့အတွက် ရုံးထုတ်စစ်ဆေးလာတဲ့အချိန်မှာ ဓာတ်ပုံ ရိုက်ယူကာ ဖေ့ဘွတ်ခ် ပေါ် တင်ပြီး မျှဝေခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှုးဟောင်းရဲ့ ဦးလေးတော်စပ်သူက အဲဒီလယ်ဝေးမြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ မြို့နယ် အလုပ်အမှုဆောင်နှစ်ဦး ကို တရားစွဲဆိုခဲ့တာပါ။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လယ်ဝေးမြို့နယ် အလုပ် အမှုဆောင်များ ဖြစ်တဲ့ ဦးကျော်မျိုးလွင်ကို ဇွန်လ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဒေါ်သက်သက်မော်ကိုတော့ ဇွန်လ ၂၀ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း