ဒီတပတ်ကစားနည်းလေးကတော့ နယ်ဒေသတွေမှာ ခုချိန်ထိ ကစားလေ့ရှိတဲ့ကစားနည်းလေးပါ။ မိုးခေါ်တဲ့အနေနဲ့ မိုးမျှော်တဲ့ဒေသတွေမှာ အရွယ်ရောက်ပြီးသူတွေလွန်ဆွဲကြတာပါ။ ဒါပေမယ့်လည်း ဒီလွန်ဆွဲပွဲတွေကို ကလေးငယ်တွေကြားမှာ၊ ကျောင်းတွေမှာ တော့ သိပ်မလုပ်ကြ ပါဘူး။ တကယ်တော့ လွန်ဆွဲပွဲဟာ ခန္ဓာကိုယ်ရဲ့ ခွန်အားတွေသုံးပြီးဆွဲရတာဖြစ်သလို တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ညီညွတ်မှုနဲ့ ပြိုင်ဆိုင်ရတဲ့ကစားနည်းလေးဖြစ်ပါတယ်။
လွန်ဆွဲတာက အမျိုးသား အမျိုးသမီးအားလုံးဆွဲလို့ရသလို အသင်းကလည်း နှစ်သင်းထက်ပို ကစားနိုင်ပါတယ်။
လွန်ပွဲတွေတိုင်းမှာတော့ လွန်ခေါင်းတစ်ယောက်လိုအပ်ပါတယ်။ လွန်ခေါင်းဆိုတာ အမှန်ကတော့ ဒိုင်လူကြီးပဲဖြစ်ပါတယ်။
ဒါကြောင့် လွန်ခေါင်းရဲ့ အဆုံးဖြတ်ကိုအားလုံးကနားထောင်ကြရမှာပါ။ ပြီးတော့ ကြိုးကြီး တစ်ချောင်းလိုအပ်ပါတယ်။
လွန်ဆွဲမယ့်ကြိုးက အလျား ၃၅ ပေအထက်မှာပဲရှိရပါမယ်။ လုံးပတ်ကတော့ လေးလက်မလောက်ရှိ ရမှာပါ။ ပြီးရင်တော့ ကြိုးရဲ့အလယ်တည့်တည့်ကို အမှတ်အသားပြုလုပ်ပြီး အကွာဝေးတူတဲ့ တစ်ဖက်စီ မှာ အရောင်မတူတဲ့ ကြိုးလေးတွေစည်းထားရမှာဖြစ်ပါတယ်။
အသင်းချင်း အပြန်အလှန် အားပြိုင်ဆွဲကြရာမှာ တစ်ဖက်အသင်းက ကြိုးအမှတ်အသားလေးက တစ်ဖက်အသင်းရဲ့စည်းပေါ်ကိုရောက်လာတယ်ဆိုရင်၊တစ်ဖက်အသင်းကြိုးကိုပါအောင်ဆွဲနိုင်တဲ့အဖွဲ့က အနိုင်ရတာဖြစ်ပါတယ်။
နောက်တပတ်များမှာလည်းချစ်စရာကောင်းတဲ့မြန်မာ့ရိုးရာကစားနည်းတွေကိုဖော်ထုတ်ကစားပြသွားဦးမှာဖြစ်ပါတယ်။
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကိုပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ်ကလးငယ်တွေကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။
ကစားနည်းတွေဟာနေရာဒေသအလိုက်အခေါ်အဝေါ်ဆော့ကစားပုံချင်းအနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့်အသုံးများတဲ့အခေါ်အဝေါ်နဲ့ကစားနည်းပုံစံတွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။

Category
🗞
News