ဖိလစ်ပိုင် တောင်ပိုင်းက စစ်သွေးကြွတွေ သိမ်းယူထားတဲ့မြို့မှာ တိုက်ပွဲတွေကြောင့် အပျက်အစီးတွေဖြစ်ပေါ်

  • 7 years ago
အိုင်အက်စ် အဆက်အနွှယ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မြို့တစ်မြို့ကို ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန် ၂၂ ရက်မှာ ဖိလစ်ပိုင် အစိုးရတပ်တွေက မာရာဝီမြို့ကို ဝန်းရံ ပိတ်ဆို့ပြီး စစ်သွေးကြွ အကြွင်းအကျန်တွေကို ချေမှုန်းဖို့ ကြိုးစားနေကြပါတယ်။ အခုအခါမှာတော့ မာရာဝီ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခဲ့တာ သီတင်းပတ် ငါးခုထိ ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

မာရာဝီမြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပေမယ့် အိုင်အက်စ် သစ္စာခံ မော်တေး သူပုန်တွေက ခုခံနေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင်တိုက်ပဲတွေအတွင်း အနည်းဆုံး လူပေါင်း ၃၇၀ လောက် သေဆုံးခဲ့ပြီး မြို့ကလည်း ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ကြုံနေပါတယ်။ သေဆုံးသူတွေအနက် လေးပုံသုံးပုံလောက်က စစ်သွေးကြွ သူပုန်တွေ ဖြစ်တယ်လို့ ဖိလစ်ပိုင် အစိုးရက ကြေညာထားပါတယ်။

မြို့ထဲမှာ လူပေါင်း ၁၀၀၀ လောက် ပိတ်မိနေပြီး စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအသွင် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင် စစ်တပ်က အီးဒ်ပွဲတော် မတိုင်ခင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့ မျှော်လင့်နေပေမယ့် အခြေအနေကို တိတိကျကျ ကြိုတင် ခန့်မှန်းဖို့ မလွယ်ကြောင်း ဝန်ခံထားခဲ့ပါတယ်။

Category

🗞
News

Recommended