ကလေးငယ်သုံးဦးသေစေခဲ့တဲ့ ပယောဂကုဆရာကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့အမိန့်ချ

  • 7 years ago
ကလေးငယ်သုံးဦးကို သေဆုံးစေခဲ့တဲ့ ပယောဂကုဆရာဆိုသူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ထောင်ဒဏ် ခုနှစ်နှစ် သီးခြားကျခံစေဖို့ တောင်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ ဇွန်လ ၂၀ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ပယောဂကုဆရာဆိုသူက ကလေးငယ်တွေမှာ မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး ကုသရာမှာတော့ ကလေးငယ်တွေကို ကန်ကျောက်တာတွေ ၊ လက်သီးနဲ့ထိုးတာတွေ၊ ဖနောင့်နဲ့ ပေါက်ခဲ့တာတွေကြောင့် အသက် ငါးနှစ်အောက် ကလေးငယ်သုံးဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ ပယောဂကုဆရာ ဆိုသူကို တွံတေးမြို့မ ရဲစခန်းက ရာဇ သတ်ကြီး ပုဒ်မ ၃၀၂ ၊ ၃၂၅ ၊ ၂၀၁ တို့နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်က ရုံးချိန်းမှာ ပယောဂ ကုဆရာဆိုသူကို စစ်ဆေးရာမှာတော့ ကလေးငယ်တွေကို ကန်ကြောက်ထုနှက်ရိုက်သတ်ခဲ့တာတွေ မရှိဘူးလို့ တရားခွင်မှာ ငြင်းဆိုခဲ့ပါတယ်။ ဒီကနေ့မှာတော့ သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် တရားရုံးက ပယောဂကုဆရာဆိုသူဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၅ အရ တုံးသောလက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု အတွက် ထောင်ဒဏ်ခုနှစ်နှစ်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်လိုက်တာလို့သိရပါတယ်။ အဲဒီအမိန့်အပေါ်ကို တရားခံဘက်က အယူ ခံတက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ပယောဂဆရာအမှု့ဖြစ်စဉ်မှာ ကလေးငယ် ၃ သေဆုံးခဲ့ပြီး ၄ နှစ်အရွယ်မိန်းကလေးငယ်မှာ ဖူးရောင်ညိုမဲ ဒဏ်ရာတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ကုသခဲ့ရပါတယ်။ ကြိုးမိန့်ချလိုက်ပေမယ့် မြန်မာနိုင်ငံမှာ သေဒဏ်ပေးတာကို မကျင့်သုံးတော့တာကြောင့် ကြိုးမိန့်ပေးခံရ သူတွေဟာ အကျဉ်းထောင်တွေရဲ့ ကြိုးတိုက်တွေမှာပဲ တစ်သက်လုံး နေထိုင်သွားရတာဖြစ်တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။


ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended