7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
(၁)ပြည်သူစိတ်ပျက် YBS ဆိုတဲ့စကားလုံးတွေကို လက်မခံနိုင်လို့ တိုင်းဝန်ကြီးပြော

ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ယခုထက်ပိုကောင်းဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့ အဆို ဒီကနေ့တိုင်းလွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီ့အဆိုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ၂၆ဦးက လွှတ်တော်မှာ ဝေဖန်ဆွေးနွေးခဲ့တဲ့ အချက်တွေကို ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တာပါ။

YBSစနစ်ကိုတာဝန်ယူနေတဲ့ YRTAရဲ့ဥက္ကဌဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့စဉ်က အသုံးပြုခဲ့တဲ့စကားလုံးတွေဖြစ်တဲ့ ပြည်သူစိတ်ပျက် YBS၊ YBSစနစ်က ကျဆုံးတဲ့ စနစ်ဆိုတဲ့ စကားရပ်တွေကို လက်မခံနိုင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

YBSစနစ်ကို စတင်ပြောင်းလဲကတည်းက ပိုကောင်းဖို့စနစ်တွေကိုနေ့စဉ်ဆောင်ရွက်နေကြောင်း၊ တစ်နှစ်တာစီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ၃လကျော်သာရှိသေးပြီး ကျန်ရှိတဲ့ ကာလမှာ ဒီစနစ်ကို အောင်မြင်အောင်ဆောင်ရွက်မယ်လို့လည်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

(၂)ဗားကရာဆိပ်ကမ်းမှာ နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောကို ဒီနေ့မဆယ်နိုင်သေး

မနေ့ညက ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းမှာ တိမ်းစောင်းနစ်မြုပ်သွားတဲ့ ရွှေလက်ဝါးကုန်တင်သင်္ဘော ဆယ်ယူမှုကို ဒီနေ့ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီသင်္ဘောဟာ ဧပြီလ ၂၆ ရက်နေ့ ညနေ လေးနာရီလောက်က ရခိုင်ပြည်နယ်ကို ထွက်ခွာဖို့ ဆိပ်ကမ်းကနေ ထွက်ခွာတဲ့အခါမှာ သင်္ဘောပေါ်ပါ ကုန်ချိန် မညီမျှမှု ဖြစ်ပြီး တိမ်းစောင်းခဲ့ရာကနေ လုံးဝ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော ပြန်လည်ဆယ်ယူဖို့ အားချင်းဆယ်ခိုင်းထားပေမယ့် သူဌေးနဲ့ သင်္ဘောဆယ်မယ့်သူတွေ ညှိနှိုင်းနေဆဲသာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်းလောက်မှာပဲပြန်လည်ဆယ်ယူနိုင်မယ်လို့ ခန့်မှန်းရကြောင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ အသင်းက တာဝန်ရှိသူ ဦးမောင်ဝင်းက အခုလို ဆိုပါတယ်။

နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ စားသောက်ကုန် ပစ္စည်း၊ ဆီပေပါတွေ အပြင် Gas အိုးတွေကိုလည်း တင်ဆောင်ထားတာ တွေ့ရတယ်လို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ ဆီပီပါ အလုံး ၁၀၀ ကျော် အပါအ၀င် ကားသေးနှစ်စီး၊ ဆိုင်ကယ် သုံးစီးနဲ့ စားသောက်ကုန်တွေ ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

(၃)ဒီချုပ်ပါတီခေါင်းဆောင်နှစ်ဦးရဲ့ ထုတ်လွှင့်ချက်တွေအတွက် ညွှန်ကြားချက်မရှိခဲ့ဘူးလို့ ဝန်ကြီးပြော

ပြန်ကြားရေးဝန်ကြီးဌာန ပိုင်မီဒီယာတွေက ထုတ်လွှင့်တင်ပြ ခဲ့တဲ့ NLD ပါတီက ခေါင်းဆောင်နှစ်ဦး ဟောပြောမှုတွေ အတွက် ဘယ်ကမှ ညွှန်ကြားချက်မရှိခဲ့ဘူးလို့ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ မတိုင်မီကာလနဲ့ တိုက်ဆိုင်ပြီး ဒီဟောပြောမှုတွေကို အစိုးရပိုင်မီဒီယာတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ နှစ်တစ်နှစ်ကို ပြန်သုံးသပ်တဲ့ အချိန်မှာ နိုင်ငံရေး အရထင်ရှားတဲ့ သူတွေရဲ့ သုံးသပ်ချက်ကို ဖေါ်ပြခဲ့တာလို့ ဝန်ကြီးက ရှင်းပြခဲ့ပါတယ် ။ ဒါပေမယ့် အနိုင်ရပါတီရဲ့ ခေါင်းဆောင် ပိုင်းတွေရဲ့ သုံးသပ်ချက်တွေကိုပဲ ဖေါ်ပြခဲ့ပြီး အခြားပါတီက နိုင်ငံရေးသမားတွေရဲ့ သုံးသပ်ချက်ကို မဖေါ်ပြခဲ့လို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ရှိခဲ့တာပါ ။

တစ်နှစ်ကို ပြန်သုံးသပ်တဲ့သဘောသာဖြစ်ပြီး ပြင်ပရဲ့ သုံးသပ်ချက်တွေ ကိုတောင်းဆိုရာမှာ ထင်ထင်ရှားရှားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းပြီး ဖေါ်ပြတာ ဖြစ်တယ်လို့ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မဲဆွယ်ဖို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ညွှန်ကြားခဲ့ပေမယ့် မတ်လ ၃၁ ရက်နေ့ နဲ့ ရွေးကောက်ပွဲကျင်းပတဲ့ ဧပြီလ ၁ ရက်နေ့မှာ NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ ဦးတင်ဦး နဲ့ ဦးဝင်းထိန်ရဲ့ သုံးသပ်ချက်တွေကို ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မီဒီယာတွေမှာ ဖေါ်ပြခဲ့တာပါ။

ဧပြီလ ၂၇ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ အစိုးရရဲ့ တစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့တာတွေ နဲ့ပါတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဝန်ကြီးက အခုလို ဖြေကြားခဲ့တာပါ။
(၄)မြောက်ကိုရီးယားဆိုင်ရာ မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို တောင်ကိုရီးယားကြိုဆို

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ လွှတ်တော်တစ်ခုလုံးအတွက် ပုံမှန်မဟုတ်ဘဲ အိမ်ဖြူတော်က လက်ခံကျင်းပခဲ့တဲ့ ရှင်းလင်းပွဲတစ်ခုအပြီး ထွက်လာတဲ့ကြေညာချက်ကို တောင်ကိုရီးယားက ကြိုဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားပြဿနာနဲ့ ဆက်စပ်တဲ့ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ အခိုင်မာဆုံးပဲဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ဧပြီ ၂၇ ရက်က ထရန့်အစိုးရရဲ့ အထင်ကရ ရှင်းလင်းမှု တစ်ခုအပြီးမှာ အဲဒီမှတ်ချက်ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် အဲဒီရှင်းလင်းပွဲက အဓိကအမျိုးသားလုံခြုံရေးအန္တရာယ်ကို ဖြေရှင်းဖို့ သူတို့မျှော်လင့်ထားတဲ့ ခိုင်မာတဲ့ ဗျူဟာတစ်ရပ် မချမှတ်ပေးနိုင်ခဲ့ဘူးလို့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောပါတယ်။

မြောက်ကိုရီးယားကို အလျင်အမြန်အပြစ်ပေးတဲ့ အစီအစဉ်တွေလုပ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကြာသပတေးနေ့က သဘောတူလိုက်ပါတယ်။

Category

🗞
News

Recommended