ထရမ့်ရဲ့ မူဝါဒ အပြောင်းအလဲကို အမေရိကန် သိပ္ပံပညာရှင်တွေ စုပေါင်းဆန္ဒပြ

  • 7 years ago
ကမ္ဘာမြေနေ့အဖြစ် သတ်မှတ်ထားတဲ့ ဧပြီ ၂၂ ရက်မှာ အမေရိကန် သိပ္ပံပညာရှင်တွေ စုရုံးပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒ အပြောင်းအလဲကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ သိပ္ပံပညာ ချီတက်ပွဲလို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲကို အမေရိကန် တနံတလျားက မြို့တွေမှာ ဖြန့်ကျက် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အစိုးရ အနေနဲ့ အချက်အလက် ရှာဖွေဖော်ထုတ်မှု ဦးစားပေး သိပ္ပံပညာရပ်တွေအပေါ် ထောက်ပံ့မှု လျှော့ချမယ့် အစီအစဉ်ကို တန်ပြန်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ထရမ့်က သိပ္ပံနဲ့ သုတေသန ရန်ပုံငွေတွေဟာ အမေရိကန် ပြည်သူတွေကို မလိုအပ်ဘဲ ဝန်ပိစေတဲ့အတွက် လျှော့ပေါ့ အသုံးပြုသွားမယ်လို့ ပြောကြားထားပါတယ်။ အမေရိကန် သမ္မတက ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတဲ့ ကိစ္စဟာ ယုံတမ်းစကား တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ထားပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပါရီ သဘောတူညီမှုကနေ အမေရိကန် နုတ်ထွက်ဖို့လည်း စဉ်းစားနေကြောင်း သိရှိရပါတယ်။