7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
(၁) Father Land ပိုင်ရှင်ကို ထောင် ၅နှစ်ချ

Father Land ဆောက်လုပ်ရေးပိုင်ရှင် ဦးကျော်မြင့်ကို ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၅နှစ် တစ်ပေါင်းတည်း ကျခံဖို့ တရားရုံးက ချမှတ်လိုက်ပါတယ်။ ဦးကျော်မြင့်ဟာ လိမ်လည်မှု စာချုပ်စာတမ်းအတုလုပ်မှုတွေနဲ့ တရားဆွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ စားသောက်ဆိုင်တစ်ခုရဲ့ နေရာမှာ ၁၂ ထပ်တိုက် တည်ဆောက်တာနဲ့ ပက်သက်ပြီး လိမ်လည်မှုပုဒ်မ ၄၂၀၊ စာချုပ်စာတမ်းအတုပြုလုပ်မှုပုဒ်မ ၄၆၈ တို့နဲ့ တရားစွဲဆိုထားခဲ့ခြင်းဖြစ်ပြီး ဒီနေ့မှာတော့ လသာမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အမိန့်ချမှတ်ခံရတဲ့ Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ဟာ ဗိုလ်တစ်ထောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်းနဲ့ လမ်းမတော်မြို့နယ် တရားရုံးတွေမှာလည်း တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

(၂) မွန်ပြည်နယ်အမတ် ဒေါက်တာအေးဇံကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီချုပ်ထောက်ခံထား

ရာထူးကနေ နှုတ်ထွက်စာတင်သွားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ဒီချုပ်ပါတီအနေနဲ့ ထောက်ခံထားတယ်လို့ သတင်းရရှိပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ သတင်းမီဒီယာတွေက မေးမြန်းတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင် အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်းက ဖြေကြားခဲ့တာပါ။

ဦးမင်းမင်းဦး နှုတ်ထွက်သွားတာဟာ အကျင့်ပျက်ချစားမှုပေါ်ပေါက်လို့ မဟုတ်ဘဲ ခေါင်းဆောင်မှုမှာ လိုအပ်ချက်ရှိလို့သာ ဖြစ်တယ်လို့ ဦးဝင်ထိန်က ဆိုပါတယ်။ ဦးမင်းမင်းဦးနဲ့ ပတ်သက်ပြီး တိုင်ကြားမှု တွေရှိတာကြောင့် ဒီချုပ်ပါတီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။

ဦးမင်းမင်းဦးဟာ အစိုးရအဖွဲ့အတွင်း ရာထူးမရှိတော့ပေမယ့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အနေနဲ့တော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

(၃) အမြန်လမ်း ရှစ်လောင်းပြိုင် မီးလောင်သေဆုံးမှု ယာဉ်မောင်းကို ရုံးထုတ်

အမြန်လမ်းမှာ အံစာတုံးကား မီးလောင်းလို့ ရှစ်လောင်းပြိုင် မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ကိုအောင်ခန့်ကို ဒီနေ့ နေ့လည်က လှည်းကူးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ကိုအောင်ခန့်ကို ပေါ့လျော့ခြင်းဖြင့် သေစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်ထားတဲ့အပေါ် တရားရုံးက ဒုတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ဆယ်နာရီမှာ တတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပြီး အဲ့ဒီရုံးချိန်းမှာ လိုပြသက်သေတွေကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီအမှုကို ရဲအုပ် ပြည်လင်းအောင်က တရားလိုလုပ် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက် မနက် ၈ နာရီခန့်က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၄ နားမှာ အံစာတုံးကားတစ်စီး မီးလောင်ခဲ့မှု ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီ ကားမီးလောင်မှုကြောင့် ကားအတွင်းမှာ ရှိနေတဲ့ လူကိုးဦးမှာ ရှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ကိုအောင်ခန့် တစ်ဦးပဲ လွတ်မြောက်ခဲ့တာပါ။

အဲဒီ ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး အင်းစိန် စီအိုင်ဒီက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

(၄) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လေပြင်းတိုက်ပြီး သဲမုန်တိုင်းတွေ ဖြစ်ပေါ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသမှာ သဲမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ဆိုင်းငံ့ ရပ်တန့်သွားခဲ့ကြောင်း သိရပါတယ်။

ရှင်းကျန်းက အွိုင်ဟွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် တာပန်မှာ ဖေဖော်ဝါရီ ၁၉ ရက်က လေပြင်းတွေနဲ့အတူ သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လေတိုက်နှုန်းက တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ထိ ပြင်းထန်ခဲ့ပြီး အဝေးပြေးလမ်းမကြီးမှာ ကားအစီးရေ ၁၅၀ လောက်နဲ့ ရထား ၄ စီးကို ရပ်နားထားခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုက်ဘေးရီးယားဘက်က စတင်ဝင်ရောက်လာတဲ့ လေစီးကြောင်းနဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လေတိုက်နှုန်းက တရိပ်ရိပ် မြင့်တက်လာပြီးတဲ့နောက် သဲမုန်တိုင်းတွေပါ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

ဒေသခံ မီးသတ်တပ်ဖွဲ့က ကားတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ သံချပ်ကာယာဉ် နှစ်စီးကို စေလွှတ်ခဲ့ပါတယ်။ G30 အဝေးပြေးလမ်းမကြီးမှာ လူပေါင်း ၄၅၀၀ လောက်ထိ သောင်တင်နေခဲ့ပြီး အကျပ်အတည်း ဆိုက်နေသူ ၅၀ ကျော်လောက်ကိုတော့ တာဝန်ရှိသူတွေက ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရှင်းကျန်းဒေသမှာ အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ လေတိုက်နှုန်းက ၂၀၁၄ ခုနှစ်မှာ စံချိန်တင်ခဲ့ပြီး အဲဒီတုန်းက တစ်နာရီကို ကီလိုမီတာ ၁၈၀ နှုန်းနဲ့ လေပြင်းတိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ အတွက် အမေရိကန်ဒေါ်လာ ငွေလဲ နှုန်းနဲ့ ရွေဈေးတွေကိုလည်း တင်ဆက်ပေးပါဦးမယ်။ ပြင်ပ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ တစ်ဒေါ်လာကိုဝယ်ဈေး ၁၃၆၅ ကျပ်ဖြစ်ပြီးတော့ ရောင်းဈေးကတော့ ၁၃၆၆ ကျပ်ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၈သိန်း ၉သောင်း ၂ထောင်ကျပ်ဖြစ်ပါတယ်။

Recommended