7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
(၁) ဘတ်စ်ကားလိုင်း အခက်အခဲတွေကို ပြောကြားနိုင်တယ်လို့ ဝန်ကြီးချုပ်ပြောကြား

ဘတ်စ်ကားများ ပြေးဆွဲမှု ကျဲနေမှုကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ကားသုံးဆင့်စီးရလို့ အခက်အခဲ ဖြစ်နေတဲ့သူတွေ တင်ပြ အကူညီတောင်းခံနိုင်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၁၆ရက်)က အများပိုင် ဘတ်စ်ကားတွေ ပြေးဆွဲမှု ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားကို ရောက်ရှိလာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပထမဦးဆုံးနေ့မှာ အားလုံးအဆင်ပြေချောမွေ့လိမ့်မှာ မဟုတ်သလို ယာဉ်ပိုင်ရှင်တွေဘက်မှာလည်း အခက်အခဲတစ်ခု ရှိနေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ဂိတ်ကနေ ကားတွေကို လွှတ်တာ ကျဲတာကြောင့် ကားစီးတဲ့သူတွေဘက်ကလည်း ကားကြပ်တဲ့ ဒုက္ခတွေ ရှိနေတဲ့ အတွက် ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သုံးဆင့်စီးရတဲ့သူတွေကလည်း သူ့ကိုပြောကြားနိုင်ပြီးး အသေးစိတ်၊ ဘယ်နေရာမှာ နေပါတယ်။ ဘယ်လိုစီးသွားရလို့ ဘယ်နေရာကိုရောက်တဲ့ အတွက် သုံးဆင့်စီးသွားရပါတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ဆီကို တင်ပြပါလို့ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

(၂) မန္တလေး-မူဆယ် လမ်းပေါ်က သိန္နီရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

ငါးနှစ်ကျော်ခန့်ကြာ ပိတ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရေပူစစ်ဆေးရေးဂိတ်ကို ဒီနေ့ ဇန်န၀ါရီ (၁၆)ရက် မနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တရားမ၀င် ကုန်သွယ်မူတွေ၊ အေးခဲအသားငါးနဲ့ အန္တရာယ်ရှိ စားသောက်ကုန်တွေ ၀င်ရောက်လာနေတာကို စိစစ်ထိန်းချုပ်နိုင်ဖို့ အတွက် ရေပူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်တာလို့ စစ်ဆေးရေးဂိတ် အဖွဲ့ခေါင်းဆောင် အကောက်ခွန် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။

အကောက်ခွန်၊ ကုန်သွယ်ရေး (န.က.သ)၊ က.ည.န၊ လ.၀.က၊ မူးယစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ယဉ်ထိန်း၊ ရဲတပ်ဖွဲ့၊ စတဲ့ ဌာနဆိုင်ရာအဖွဲ့(၁၂)ဖွဲ့ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်အားလုံးကို စိစစ်မှာ မဟုတ်ဘဲ သံသယရှိသတဲ့ မော်တော်ယာဉ်တွေကိုပဲ စစ်ဆေးမှာ ဖြစ်ပါတယ်။

ရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မှာကို ဒေသခံကုန်သည်တွေကတော့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။ စစ်ဆေးရေးဂိတ်ကြောင့် အချိန်ကြန့်ကြာတာ၊ ကုန်စည်စီးဆင်းမူ နှေးကွေးတာနဲ့ လာဘ်ပေးလ်ာယူမှုတွေ ပိုမို ဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောကြားခဲ့တာပါ။

ရေပူစစ်ဆေးရေးဂိတ်ကို ၁၉၉၈ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပိတ်သိမ်းခဲ့တာပါ။ မန္တလေး - မူဆယ်နယ်စပ် ကုန်သွယ်ရေး ရေပူဂိတ်မှာ နေ့စဉ်ဖြတ်သန်းသွားလာတဲ့ မော်တော်ယဉ်စီးရေ (၃၀၀၀)မှ (၆၀၀၀)ကြား ရှိတယ်လို့ သတင်းရရှိပါတယ်။

(၃) YBS ယာဉ်လိုင်း ၉ လိုင်း ထပ်မံတိုးချဲ့ ပြေးဆွဲမယ်

ခရီးသွား ပြည်သူတွေရဲ့ လိုအပ်ချက်အရ YBS ယာဉ်လိုင်း ၉လိုင်း ထပ်မံတိုးချဲ့ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ ပထမဆုံးနေ့မှာ ယာဉ်လိုင်းနံပါတ် ၆၁ ခုနဲ့ ပြေးဆွဲခဲ့တာ ဖြစ်ပေမယ့် မနက်ဖြန်မှာတော့ ယာဉ်လိုင်း ၇၀ အထိ တိုးချဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ယာဉ်လိုင်းနံပါတ် ၆၂ကနေ ၇၀အထိ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

အသစ်ထပ်တိုးမယ့် ယာဉ်လိုင်းတွေက မြို့တွင်းကို အခြေမပြုဘဲ မြို့ပြင်လမ်းတွေကို အများဆုံး အခြေပြုပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒီနေ့ စတင်တဲ့နေ့မှာ မနက်ရောက်တဲ့အထိ ဘယ်ယာဉ်လိုင်းမှာ ဝင်ပြေးဆွဲရမှန်း မသိသေးတာတွေကြောင့်လည်း မထွက်တဲ့ ယာဉ်တချို့က မထွက်ကြပါဘူး။

ဒါကြောင့် တချို့ကားလိုင်းတွေမှာ ကားတွေ အားလုံးပျောက်နေတာတွေ ဖြစ်သလို ပြေးဆွဲတဲ့ ကားစီးရေနည်းတာကြောင့် ခရီးသည်တွေ အနေနဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။

ဒီနေ့ စနစ်သစ်နဲ့ စတင်ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းတွေကြောင့် သွားလာရေး အခက်အခဲရှိသူတွေကို အခမဲ့ ပို့ဆောင်ပေးနေတဲ့ ကားတွေ ရှိနေပါတယ်။

ဒီကားတွေထဲမှာ ကိုယ်ပိုင်ကားတွေလဲ ပါသလို ၀န်ထမ်း ကြို၊ ပို့ကား၊ ကျောင်းကားတွေ အပြင် အဝေးပြေးကားကြီးတွေလည်း တွေ့ရပါတယ်။

(၄) အင်ဒိုနီးရှားမှာ ရဲတပ်ဖွဲ့ကို သဘောထားတင်းမာတဲ့ မွတ်ဆလင်တွေ ဆန္ဒပြ

အနောက်ဂျာဗားဒေသ ရဲတပ်ဖွဲ့ အကြီးအကဲကို ရာထူးက နုတ်ထွက်ပေးဖို့ အင်ဒိုနီးရှားက သဘောထား တင်းမာတဲ့ မွတ်ဆလင်တွေ စုရုံး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှာ အစ္စလာမ်မစ် ကာကွယ်ရေး တပ်ဦးလို့ နာမည်ပေးထားတဲ့ အဖွဲ့အစည်းက ဦးဆောင်ပြီး လူ ၁၀၀၀ လောက်ပါတဲ့ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အနောက်ဂျာဗား ရဲတပ်ဖွဲ့ဟာ မွတ်ဆလင်တွေကို ညှင်းပန်း နှိပ်စက်နေတယ်လို့ စွပ်စွဲပြီး ရဲတပ်ဖွဲ့ အကြီးအကဲကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျကာတာမြို့တော် တောင်ပိုင်းက ဗလီတစ်ခုရှေ့မှာ ဆန္ဒပြသူတွေ စုရုံးပြီး အနောက်ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ တီတို ကာနာဗီယန်ကို ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုဟာ သဘောထား တင်းမာတဲ့ ဘာသာရေးခေါင်းဆောင် ဟာဘစ် ရီဇိုက်ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုနဲ့ ဆက်စပ်နေပါတယ်။

အစ္စလာမ်မစ် ကာကွယ်ရေး တပ်ဦးဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဖွဲ့ဝင် ငါးသန်းလောက်ကို စုစည်းထားပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ အစ္စလာမ်မစ် စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ဖို့ ဟောပြောစည်းရုံးနေတဲ့ အဖွဲ့အစည်း တစ်ခုပါ။

ဒီအဖွဲ့ဟာ ဂျကာတာ မြို့တော်ဝန် ပွန်နာမာကိုလည်း ကိုရန်ကျမ်းစာကို မထေမဲ့မြင် လုပ်ခဲ့တယ်လို့ စွပ်စွဲ ဆန္ဒပြခဲ့ရာက အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပွားခဲ့ပြီး ပွန်နာမာ အနေနဲ့လည်း ဘာသာရေး စော်ကားမှုနဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Recommended